တောင်ကိုရီးယား၏ အသံချဲ့စက်ဖြင့် ၀ါဒဖြန့်ချ်ိမှုများက စစ်ပွဲနုတ်ခမ်းဝသို့ တွန်းပို့နေဟု မြောက်ကိုရီးယားပြော

တောင်ကိုရီးယား၏ အသံချဲ့စက်ဖြင့် ၀ါဒဖြန့်ချ်ိမှုများက စစ်ပွဲနုတ်ခမ်းဝသို့ တွန်းပို့နေဟု မြောက်ကိုရီးယားပြော

ဆိုးလ်၊ ဇန်နဝါရီ ၉ ။              ။ နယ်စပ်တစ်လျှောက် မြောက်ကိုရီးယားကို ရည်ရွယ်သော တောင်ကိုရီးယား၏ အသံချဲ့စက်ဖြင့် ဝါဒဖြန့်ထုတ်လွှင့်မှုများသည် စစ်ပွဲ၏နုတ်ခမ်းဝသို့ တွန်းပို့လျက်ရှိ သည်ဟု မြောက်ကိုရီးယားထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ယင်းသို့ တောင်ကိုရီးယား၏ ဝါဒဖြန့်ချိမှုကို ပထမဆုံးတရားဝင်တုံ့ပြန်မှုအဖြစ် ဝါဒဖြန့်ချိရေးလူထုစုဝေးပွဲတစ်ခုတွင် အဆိုပါအရာရှိက ပြောကြားလိုက်ခြင်းဖြစ်သည်။

ဇန်နဝါရီ ၆ က မြောက်ကိုရီးယား၏ စတုတ္ထမြောက် နျူကလီးယားစမ်းသပ်မှုကြောင့် အမေရိကန်နှင့် တရုတ်တို့ကို ဒေါသထွက်စေခဲ့သည်။ စမ်းသပ်မှုအား ကြိုတင်သတိမပေးခဲ့ပေ။ သို့သော်လည်း ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို စမ်းသပ်ဖောက်ခွဲသည်ဆိုသည့် မြောက်ကိုရီးယား၏ ပြောကြားချက်ကို အမေရိကန်အစိုးရနှင့် လက်နက်ကျွမ်းကျင်သူများက သံသယရှိနေသည်။

စမ်းသပ်မှုကို လက်တုံ့ပြန်သည့် အနေဖြင့် တောင်ကိုရီးယားသည် ဇန်နဝါရီ ၈က မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက် အသံချဲ့စက်များဖြင့် နားကွဲမတတ်ကျယ်လောင်သော ဝါဒဖြန့်မှုများ ပြုလုပ်သည်။ ၂၀၁၅ခုနှစ် သြဂုတ်လကလည်း တောင်ကိုရီးယားသည် အသံချဲ့စက်များကို ချထားခဲ့ရာမှ အမြောက်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့သေးသည်။

"ကျွန်တော်တို့ရဲ့ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှု အောင်မြင်တာကို မနာလိုတာပေါ့ဗျာ။ ဒါ့ကြောင့် သူတို့က စိတ်ဓါတ်စစ်ဆင်ရေးအသံထုတ်လွှင့်မှုတွေ ပြန်လုပ်ပြီး မဟာဗျူဟာမြောက်ဗုံး ကြဲလေယာဉ်တွေ ခေါ်မယ်ပြောပြီး အမေရိကန်နဲ့ သူ့နောက်လိုက်တွေက အခြေအနေကို စစ်ပွဲနုတ်ခမ်းဝရောက်အောင် တွန်းပို့နေတာ"ဟု အာဏာရအလုပ်သမားပါတီ ဝါဒဖြန့်ချိရေးဋ္ဌာနအကြီးအကဲ ကင်ကီနမ်က ပြောသည်။

နိုင်ငံပိုင်မီဒီယာက အဆိုပါလူစုလူဝေး၏ ပုံရိပ်များကို ထုတ်ပြန်ခဲ့ပြီး ပြံယမ်းမြို့လယ်တွင် ပြုလုပ်ခဲ့သော လူထုစုဝေးမှုသို့ လူထောင်ပေါင်းများစွာ တက်ရောက်ဟန်ရှိသည်။ ၎င်းတို့က ခေါင်းဆောင် ကင်ဂျုံအန်ကို ချီးကျူးဂုဏ်ပြုသော ဝါဒဖြန့်ချိရေးဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဇန်နဝါရီ ၈ ရက်နေ့ကလည်း ကင်ဂျုံအန်၏ မွေးနေ့လည်းဖြစ်သည်။

စစ်တပ်ထူထပ်စွာချထားသော နယ်စပ်တစ်လျှောက် တောင်ကိုရီးယားက နေရာ ၁၁ နေရာမှ ပြံယမ်းအစိုးရကို ပြင်းထန်ကျယ်လောင်စွာဝေဖန်ခဲ့သည်။ နောက်ပိုင်းတွင် မြောက်ကိုရီးယားကလည်း ကိုယ်တိုင်အသံထုတ်လွှင့်မှုဖြင့် တုံ့ပြန်ခဲ့သည်။

မြောက်ကိုရီးယားက စမ်းသပ်မှုပြုလုပ်ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်၏ မဟာဗျူဟာမြောက်လက်နက်များချထားရေး ဆိုးလ်နှင့် ဝါရှင်တန်တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းတောင်ကိုရီးယား စစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သို့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ မပြောကြားခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly