စစ်ကောင်စီ တပ်သား ၃ ဦး KNU ထံ လက်နက်ချ အလင်းဝင်

စစ်ကောင်စီ တပ်သား ၃ ဦး KNU ထံ လက်နက်ချ အလင်းဝင်

ဇန်နဝါရီ ၇

အကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်သား သုံးဦး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ တပ်မဟာ (၅) ထံ လက်နက်ချ အလင်းဝင်ရောက်လာ ခဲ့သည်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း (၄၃၉) မှ တပ်သား သုံးဦးသည် KNU လက်အောက်ခံ ဂယ်ကော်တပ်ရင်းသို့ ထွက်ပြေး လွတ်မြောက်လာကာ ဇန်နဝါရီ ၆ ရက်နေ့တွင် လက်နက် အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာကြောင်း မူတြော် သတင်းစဉ်တွင် ဖော်ပြသည်။

အဆိုပါ တပ်သားသုံးဦးမှာ တပ်သား အောင်မြင့်ခိုင် အသက် (၁၉) နှစ်၊ တပ်သား စိန်မင်းသန့် အသက် (၂၂) နှစ်၊ တပ်သား သန်းထွေး အသက် (၂၁) တို့ဖြစ်ကြကာ ၎င်းတို့နှင့်အတူ MA-1 နှစ်လက်၊ MA-2 တစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ကဒ် ၁၂ ခုနှင့် ကျည်ဆံ ၄၃၄ တောင့်တို့ ယူဆောင်လာခဲ့သည်။

တပ်သား စိန်မင်းသန့်က “အခုလောလောဆယ် ဘာပြောရမှန်း မသိတော့ဘူး။ ခုချိန်မှာတော့ မိသားစုတွေနဲ့ အေးအေးချမ်းချမ်း ပြန်နေချင်တယ်ဗျာ” ဟု မူတြော် သတင်းစဉ်ကို ပြောသည်။

၎င်းတို့ သုံးဦးသည် ရှေ့တန်းစခန်းတွင် အရာရှိများ၏ နိုင်လိုမင်းထက် အုပ်ချုပ်မှု၊ အကြမ်းဖက် ရိုက်နှက် စေခိုင်းမှုနှင့် ရှေ့တန်းတွင် အစာရေစာ ပြတ်လပ်မှုတို့ကြောင့် ခမရ (၄၃၉) အခြေစိုက်ရာ စောမူပလောစခန်းကို စွန့်ခွာ ထွက်ပြေးခဲ့သည်ဟု သိရသည်။

တပ်မဟာ (၅) အနေဖြင့်လည်း အလင်းဝင်လာသူများကို ကြိုဆိုလက်ခံပေးနေပြီး ၎င်းတို့၏ နေထိုင် စားသောက်မှု၊ လိုအပ်မှုများကိုပါ ပံ့ပိုး ကူညီပေးနေကြောင်း KNLA တပ်မှူးတစ်ဦးက ဆိုသည်။

စစ်တပ်က နိုင်ငံတော် အာဏာကို လုယူခဲ့သည့် နောက်ပိုင်း KNLA တပ်မဟာ (၅) သို့ လာရောက် ပူးပေါင်းသည့် စစ်ကောင်စီတပ်သား ၅၀ ဦးခန့် ရှိလာပြီး အများစုမှာ စကခ (၈) လက်အောက်ခံ တပ်ရင်းများမှ တပ်သားများ ဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly