အိန္ဒိယက အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာမှုအကူအညီများ ထပ်မံ ပေးအပ်

By The New Indian Express
07 January 2022
အိန္ဒိယက အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာမှုအကူအညီများ ထပ်မံ ပေးအပ်

အိန္ဒိယသည် အာဖဂန်နစ္စတန်နိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီများကို ထပ်မံ၍ ထောက်ပံ့ပေးအပ်ခဲ့ရာ တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Covaxin) အလုံးရေ ၅သိန်း ပါဝင်ကြောင်း အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီးဌာန (MEA) က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ လူသားချင်းစာနာမှု အကူအညီများကို ကဘူးလ်မြို့ရှိ အင်ဒီရာ ဂန္ဒီ ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

ထို့ပြင် ထပ်တိုးကာကွယ်ဆေးအလုံးရေ ၅သိန်းပါသည့် နောက်ထပ် အကူအညီများကိုလည်း လာမည့် သီတင်းပတ်များအတွင်း ပေးပို့ထောက်ပံ့သွားမည်ဖြစ်ကြောင်း ယင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယအနေဖြင့် ဂျုံကဲ့သို့သော အစားအစာများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ တစ်သန်းနှင့် မရှိမဖြစ် လိုအပ်သော အသက်ကယ် ဆေးဝါး များအပါအဝင် လူသားချင်းစာနာမှု အကူအညီများကို အာဖဂန်ပြည်သူများထံ ပေးပို့ထောက်ပံ့သွားမည်ဖြစ်သည်။

ပြီးခဲ့သည့်လ အစောပိုင်းကလည်း အိန္ဒိယသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှတဆင့် အာဖဂန်နစ္စတန်ထံသို့ ဆေးဘက်ဆိုင်ရာ အကူအညီပစ္စည်း ၁ ဒသမ ၆ တန်ကို ပေးပို့ခဲ့သည်။

"ရှေ့လာမယ့် အပတ်တွေမှာ ဂျုံ နဲ့ ကျန်ရှိနေတဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးပို့မှုကို လုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ သယ်ယူပို့ဆောင်မှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်ပုံ နည်းလမ်းတွေကို အပြီးသတ်ဖို့အတွက် ကုလ အေဂျင်စီတွေ၊ အခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လုပ်ဆောင်နေပါတယ်" ဟု MEA က ထုတ်ပြန်ထားသည်။

အာဖဂန်နစ္စတန်တွင် သြဂုတ်လ ၁၅ ရက်က တာလီဘန်တို့ ထိန်းချုပ်ပြီးနောက် ယင်းနိုင်ငံသည် ပိုမိုနက်ရှိုင်းလာနေသည့် စီးပွားရေး၊ လူသားချင်းစာနာမှု နှင့် လုံခြုံရေး အကျပ်အတည်းတို့ဖြင့် ရိုက်ခတ်ခံထားရသည်။

နိုင်ငံခြားအကူအညီ ရပ်ဆိုင်းခြင်း၊ အာဖဂန်အစိုးရ ပိုင်ဆိုင်မှုများ ထိန်းချုပ်အပိတ်ခံရခြင်း၊ တာလီဘန်တို့အပေါ် နိုင်ငံတကာဒဏ်ခတ်မှုများ ချမှတ်ခြင်း တို့ကြောင့် မူလကတည်းက မြင့်မားသည့် ဆင်းရဲမှုလယ်ဗယ်များဖြင့် ထိခိုက်ခံစားနေရသည့် နိုင်ငံကို လုံးလုံးလျားလျား စီးပွားရေးအကျပ်အတည်းတစ်ခုထဲသို့ ထိုးဆင်းကျထားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly