ဟွန်ဆန် မြန်မာပြည် ရောက်သည့်နေ့ မန္တလေးမြို့၌ နံနက်အစောပိုင်း ဗုံး ၄ ကြိမ်ကွဲထား

ဟွန်ဆန် မြန်မာပြည် ရောက်သည့်နေ့ မန္တလေးမြို့၌ နံနက်အစောပိုင်း ဗုံး ၄ ကြိမ်ကွဲထား

ဇန်နဝါရီ ၇

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ ရောက်သည့် ယနေ့ ဇန်နဝါရီလ ၇ ရက်တွင် မန္တလေးမြို့လေးနေရာ၌ နံနက် ၆ နာရီနှင့် ၇ နာရီ ကြားအချိန်က ဗုံးများ တစ်ပြိုင်နက်တည်း နီးပါး ပေါက်ကွဲမှု ဖြစ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မြဝတီဘဏ်ရှေ့တွင် လည်းကောင်း၊ မဟာအောင်မြေ မြို့နယ်တွင် ၃၆ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြား မြို့နယ်ပညာရေးမှူးရုံးတွင်လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်တွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှူး ရုံးတွင်လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်တွင် မင်္ဂလာမန္တလေး အိမ်ရာအနီး မြန်မာ့သတင်းအချက်အလက် သိပ္ပံကျောင်း ရှေ့တွင်လည်းကောင်း တစ်ကြိမ်စီ တစ်ပြိုင်နက်တည်း နီးပါး ပေါက်ကွဲခဲ့ကြောင်း သတင်းရင်းမြစ်ထံက သိရသည်။

"မြဝတီဘဏ် ရှေ့က စစ်သားတွေကို ဗုံးနဲ့ လှမ်းပစ်သွားတာ။ တစ်ကောင်မှတော့ မထိလိုက်ဘူး။ ပေါက်ကွဲသံတော့ ပြင်းတယ်။ ဒီမနက် တခြားမှာလည်း ဗုံးပေါက်တာတွေ ရှိတယ်။ တစ်ချိန်တည်း ပေါက်ကွဲလို့ထင်တယ်။ ဒီဘက်တော့ စစ်သားတွေ ရောက်လာတာမရှိဘူး။ အရင်က ဗုံးကွဲပြီးရင် လမ်းတွေ ပိတ်ဆို့တာမျိုး ရှိတယ်လေ။ အခုမရှိဘူး" ဟု ချမ်းအေးသာစံမြို့နယ် ၈၁ လမ်း၊ မြဝတီဘဏ်ရှေ့ ပေါက်ကွဲမှုနှင့် စပ်လျဥ်း၍ မဇ္ဈိမ၏ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းက ပြုလုပ်ကြောင်းကို မသိရသေးဘဲ လူထိခိုက်မှု မရှိဟု ကနဦး သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးနှင့် မဟာအောင်မြေ မြို့နယ် သံလျက်မှော် အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တို့တွင်လည်း ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly