ဟောင်ကောင်တွင် ဒီမိုကရေစီ ထောက်ခံသော Stand News မီဒီယာ လုပ်ငန်းများ ရပ်ဆိုင်း

By The Singapore Post
07 January 2022
ဟောင်ကောင်တွင် ဒီမိုကရေစီ ထောက်ခံသော Stand News မီဒီယာ လုပ်ငန်းများ ရပ်ဆိုင်း

ဟောင်ကောင်တွင် ဒီမိုကရေစီ ထောက်ခံသော နောက်ထပ်မီဒီယာ Stand News ကုမ္ပဏီက လုပ်ငန်းများကို ရပ်ဆိုင်းလိုက်သည်။

သက်တမ်း ၇ နှစ်ရှိ အဆိုပါ အွန်လိုင်းမီဒီယာက လုပ်ငန်းများ ပိတ်သိမ်းကြောင်း ကြေညာခဲ့သည့်အပြင် ဖော်ပြခဲ့သည့် အကြောင်းအရာအားလုံးကို ဖယ်ရှားရှင်းလင်းနေသည်။

ရဲတပ်ဖွဲ့က သတင်းရုံးခန်းအား ဒီဇင်ဘာ ၂၉ရက်တွင် ဝင်ရောက်စီးနင်းကာ လူ ၇ ဦး ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။ အဆိုပါကုမ္ပဏီ၏ ဟောင်ကောင် ဒေါ်လာ ၆၁ သန်းတန်ဖိုးရှိ ပိုင်ဆိုင်မှုများကို အာဏာပိုင်များက သိမ်းဆည်းသွားကြောင်း Hong Kong Free Press က ဖော်ပြခဲ့သည်။

ဝင်ရောက်စီးနင်းသည့်နေ့အစောပိုင်းတွင် Stand News ရုံးများကို အမျိုးသားလုံခြုံရေးရဲအရာရှိ ၂၀ဝ ကျော် ဖြန့်ကျက်ချထားခဲ့သည်။

ကုမ္ပဏီတွင် လက်ရှိတာဝန်ထမ်းဆောင်နေသူများ သို့မဟုတ် ယခင် အကြီးတန်းဝန်ထမ်း ၇ ဦးခန့်သည် ဆူပူအုံကြွမှုဖြစ်စေသော စာပေများကို ထုတ်ဝေရန် ပူးပေါင်းကြံစည်မှုကြောင့် ကိုလိုနီခေတ်ရာဇဝတ်မှုဆိုင်ရာ ဥပဒေကို ဖောက်ဖျက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျေမီလိုနှင့် Apple Daily ၏ အခြားဝန်ထမ်းဟောင်း ၆ ဦးတို့ တရုတ် အစိုးရက ပြဌာန်းထားသော အမျိုးသားလုံခြုံရေးဥပဒေအရ ဆူပူအုံကြွမှု စွဲချက်တစ်ခုနှင့် ထပ်မံ ရင်ဆိုင်နေရသည့်နေ့တွင် သတင်းခန်းအား စီးနင်းခဲ့ခြင်းဖြစ်သည်။

ရဲအမျိုးသားလုံခြုံရေးဌာနမှ အကြီးအကဲ စတိဗ်လီက အဖမ်းခံရသူများသည် ကုမ္ပဏီ၏ သတင်းကဏ္ဍနှင့် မဟာဗျူဟာတို့တွင် အရေးကြီးသော အခန်းကဏ္ဍ မှ ပါဝင်ကြောင်း ပြောကြားသည်။

သတင်းခန်းကို ဝင်ရောက်စီးနင်းစဉ်တွင် အရာရှိများက ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများနှင့် ငွေသား ဟောင်ကောင်ဒေါ်လာ ၅၀ဝ,ဝဝဝ ကို တွေ့ရှိခဲ့ကြောင်းနှင့် ဖမ်းဝရမ်းများကိုလည်း ထုတ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းဖမ်းဆီးခြင်းအပေါ် အနောက်နိုင်ငံများမှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး သတင်းစာပညာသည် ဆူပူလှုံ့ဆော်မှုမဟုတ်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြားလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly