သက်ငယ်မုဒိမ်း ကျူးလွန်သူကို ဒီလို အပြစ်ပေးပါ

သက်ငယ်မုဒိမ်း ကျူးလွန်သူကို ဒီလို အပြစ်ပေးပါ
Photo - http://www.lwinpyin.com/

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်မှာနေတဲ့ ဒေါ်နှင်းရွှေ ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ ဒီစာကို စာတိုက်ကပို့တာ မေးလ် ကတဆင့် ပို့တာမျိုးမဟုတ်ဘဲ လူကိုယ်တိုင် လာရောက် ပေးပို့ခဲ့တာကို လက်ခံ ရရှိခဲ့တာပါ။ သူဟာ ဌာနတစ်ခုက အငြိမ်းစား ဝန်ထမ်းတစ်ဦးဖြစ်ပြီး အရင်က ရန်ကုန်မြို့လယ်မှာ နေခဲ့ပေမယ့် အခု လှိုင်သာယာမှာနေတာ ၁၀ နှစ်ကျော်ခဲ့ပြီလို့ ပြောပါတယ်။

လှိုင်သာယာမြို့နယ်ဟာ အခြားမြို့နယ်တွေထက် လူဦးရေ ပိုများပြားပြီး အနယ်နယ်အရပ် ရပ်နဲ့ အထူးသဖြင့် ဧရာဝတီတိုင်းကနေ နာဂစ်ကြောင့် ရွှေ့ပြောင်းနေထိုင်တဲ့သူများတဲ့ မြို့နယ် ဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံနဲ့ အခြားလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်သူ လက်လုပ်လက်စားတွေ များပြားပါတယ်။ နေ့စဉ် လုပ်ငန်းခွင်ကို သွားရောက်ကြတဲ့အခါမှာ ကျန်ရစ်ခဲ့မယ့် ကလေးတွေကို အိမ်မှာ ကြည့်ရှုမယ့် လူကြီးရှိရင် အကြောင်းမဟုတ်ပေမယ့် မရှိတဲ့သူတေါမှာတော့ အိမ်မှာပဲ အဆင်ပြေသလို ထားခဲ့ကြရပါတယ်။ များသောအားဖြင့် ၃နှစ်ကနေ ၁၀နှစ်ပတ်ဝန်းကျင် ကလေးတွေကို ထားခဲ့ကြရတာ မြင်တွေ့နေ ရပါတယ်လို့ ဆိုပါတယ်။

ဒီလို ထားခဲ့ကြတဲ့အခါမှာ အခြားအန္တရာယ်တွေထက် ဒီကလေးတွေကို အနိုင်ကျင့် စော်ကား ကြတဲ့ အန္တရာယ်က ပိုကြီးမားလာနေတာကို တွေ့နေရလို့ ဒီစာကို ရေးခဲ့တာပါလို့ ပြောပါတယ်။ မသိ နားမလည်တဲ့ ကလေးတွေကို ကစားစရာအရုပ်နဲ့ ပဲဖြစ်ဖြစ်၊ အစားအစာနဲ့ ငွေနဲ့ပဲဖြစ်ဖြစ် မြူဆွယ်ပြီး ပြစ်မှုကို ကျူးလွန်တက်ကြပါတယ်။ ဒီလိုလုပ်နေတာကို သိပေမယ့် ထိထိရောက်ရောက် အရေးယူမှုတွေ မရှိတာကြောင့် ဒီလူယုတ်မာတွေက တနေ့တခြား အတင့်ရဲလာနေကြတာဖြစ်လို့ ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်လို့ ရေးပါတယ်။ သူဖတ်လိုက်ရတဲ့ သတင်းစာတစ်စောင်မှာ ၂၀၁၅ ခုနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ မုဒိမ်းမှု ၁၁၀ ခန့် ဖြစ်ပွားခဲ့ရာ သက်ငယ်မုဒိမ်းမှုက ၇၁ မှု ဖြစ်နေတာ ဖတ်လိုက်ရလို့ စိုးရိမ်မိပါတယ်လို့ ပြောပါတယ်။

အရွယ်မရောက်သေးတဲ့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲဖြစ်ဖြစ် ဒီကိစ္စမျိုး ကျူးလွန်ခံ ရရင် သူ့ဘဝတစ်လျှောက်လုံး ဘယ်လိုစိတ်နဲ့ နေသွားကြမှာလဲဆိုတဲ့ အတွေးနဲ့ ကလေးတွေကို ကာကွယ်ပေးစေချင်ပါတယ်။ သူတို့တွေကို အပြစ်ပေး အရေးယူနိုင်ဖို့ မှုခင်းလျှော့ချဖို့ ရဲတပ်ဖွဲ့နဲ့ပဲ ဆိုင်တယ်လို့ ရှေ့နေတစ်ဦးက ပြောထားတာ သတင်းထဲမှာ ဖတ်ရတော့ သူ ဒါကို အပြည့်အဝ လက်မခံနိုင်ပါဘူး။ မြန်မာပြည်မှာရှိတဲ့ ရဲအင်အားနဲ့ ပြည်သူ့အင်အား အချိုးက မမျှတာကို ရဲတစ်ခု တည်းနဲ့ တာဝန်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒီလူတွေကို သေဒဏ်ပဲဖြစ်ဖြစ် နှစ်အများကြီး ချလို့ပဲဖြစ်ဖြစ် အရေးယူနိုင်တဲ့ ဥပဒေ ပြဌာန်းဖို့ လိုပါမယ်။ ပြီးရင် လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ ဒီလိုလူမျိုးတွေ မပါအောင်လည်း ဥပဒေမှာ ထည့်သွင်းရေးဆွဲ ထားစေချင်ပါတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ အခြေအနေတွေက မိဘက သားသမီးတွေကို ရင်အုပ်မကွာ အုပ်ထိန်စောင့်ရှောက် ပေးဖို့ မဖြစ်နိုင်သေးတဲ့ မိသားစုတွေက အများကြီး ပါ။ ဒီမိသားစုတွေမှာ သက်ငယ်မုဒိမ်း မဖြစ်ဖို့ အစိုးရတင်မကဘဲ အားလုံးမှာလည်း တာဝန်ရှိတယ်လို့ ထင်မြင်တဲ့ သူ့ရဲ့ အယူအဆကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly