ပခုက္ကူတွင် စစ်တပ်ကိုဆက်ကြေးပေးနေသည့် လောင်းကစားဝိုင်းကို ဒေသကာကွယ်ရေးတပ်ဝင်ဖမ်း

ပခုက္ကူတွင် စစ်တပ်ကိုဆက်ကြေးပေးနေသည့် လောင်းကစားဝိုင်းကို ဒေသကာကွယ်ရေးတပ်ဝင်ဖမ်း

ဇန်နဝါရီ ၆

ပခုက္ကူမြို့တွင် စစ်ကောင်စီတပ် အရာရှိက ဆက်ကြေးကောက်ခံကာ လုံခြုံရေး ဆောင်ရွက်ပေး နေသည့် လောင်းကစားဝိုင်းကို ဝင်ဖမ်းခဲ့ကြောင်း ဒေသကာကွယ်ရေးတပ် Earthquake people`s Defence Force တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ဒေသ ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ ဖြစ်သည့် Young Force UG နှင့် Earthquake people`s Defence Force တို့ ပူးပေါင်း၍ ယမန်နေ့ ဇန်နဝါရီလ ၅ ရက် ညနေပိုင်းတွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ငွေကျပ် ၂၆ သိန်းခန့် သိမ်းဆည်းရခဲ့သည်ဟု ၎င်းက ဆိုသည်။

“အဲ့ဒီ့ လောင်းကစားဝိုင်းကို ကျွန်တော်တို့ သတင်း ထောက်နေတာတော့ ကြာပြီ။ ပခုက္ကူ မြို့ရှောင် လမ်းလေးက ခြံတစ်ခြံမှာ လုပ်နေတာ။ အဖွဲ့နှစ်ဖွဲ့ ပေါင်းပြီး ဝင်ဖမ်းတယ်။ လောင်းကစားငွေတွေ သိမ်းဆည်း ရမိတယ် “ ဟု Earthquake people`s Defence Force တာဝန်ခံက ပြောသည်။

သိမ်းဆည်းရမိသော ငွေများကို တော်လှန်ရေးအတွက် လိုအပ်သည့် ထုတ်လုပ်ရေးအပိုင်းတွင် သုံးရန် စီစဉ် ထားကြောင်း ၎င်းက ဆိုသည်။

“အခုလို ဖမ်းဆီးမှုက ပခုက္ကူမှာ ပထမဆုံးပါ။ အရင်ကတော့ မြိုင်နယ်ဘက်မှာ ဖမ်းဆီးမှုတွေ ရှိခဲ့တယ်။ သတင်းတော့ မထုတ်ပြန် ဖြစ်ခဲ့ပါဘူး။ ဆက်လက်ပြီးလည်း ကျွန်တော်တို့ လုပ်ဆောင် သွားမယ့် အရာတွေ ရှိပါတယ်လို့” ၎င်းက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းတွင် ရဲတစ်ဦးကို ဖမ်းမိခဲ့သော်လည်း သတင်းပေးဖြစ်သူက မသေချာဟု ဆိုသဖြင့် ပြန်လွှတ် ပေးခဲ့သည်ဟု ဆိုသည်။

Earthquake people`s Defence Force သည် ပခုက္ကူ မြို့ပြပြောက်ကျား ရဲဘော်များနှင့် မြိုင် PDF မှ ရဲဘော်အချို့ သီးသန့်ဖွဲ့ စည်းထားသည့် အဖွဲ့ဖြစ်ပြီး မြို့နယ် ကိုယ်စားပြု မဟုတ်ဘဲ ပြောက်ကျား ပုံစံဖြင့် နေရာအနှံ့တွင် တိုက်ခိုက်မှုများ ပြုလုပ်ရန် ဖွဲ့စည်းထားသည့် ကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly