စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ဂဟဲရွာကို စစ်တပ်က လေယာဉ်‌အသုံးပြု ပစ်ခတ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ဂဟဲရွာကို စစ်တပ်က လေယာဉ်‌အသုံးပြု ပစ်ခတ်

ဇန်နဝါ၍ရီ ၆

စစ်ကိုင်းတိုင်း၊ ကသာခရိုင် အင်းတော်မြို့နယ် ဂဟဲရွာကို ဇန်နဝါရီလ ၄ ရက် နံနက် ၁၁ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စီးပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

"လေယာဉ် နှစ်စီးနဲ့ လာပစ်သွားတာ။ တိုက်လေယာဉ် နှစ်စီးနဲ့ပဲ။ အဖြူတစ်စီး အကျားလေး တစ်စီးနဲ့။ လက်နက်ကြီးနဲ့ ရွာထဲကို သုံးချက် ပစ်တယ်" ဟု အဆိုပါ ဒေသခံက ပြောသည်။

ဂဟဲကျေးရွာ အပါအဝင် အနီးရှိ ရွာများကိုပါ စုစုပေါင်း လက်နက်ကြီးဖြင့် ခြောက်ချက် ပစ်ခတ် သွား၍ နေအိမ်တစ်လုံး မီးလောင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

"ရွာဘေးတွေ အပါဆိုရင် ခြောက်လုံးလောက် ပစ်သွားတာ။ တစ်အိမ် မီးလောင်သွားတယ်။ အဲ့ဒီဘေးနားက အိမ်လေးတွေကတော့ တော်တော်လေး ပျက်စီးသွားတယ်။ ဘယ်လိုကြောင့် လာပစ်မှန်းကို မသိဘူး။ ကျွန်တော်တို့က ရိုးရိုးသားသား နေတာပါ။ တချို့မဟုတ် မဟတ် သတင်းတွေကြောင့် လာပစ်တာလား မသိပါဘူးဗျာ "ဟု ဒေသခံက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂဟဲရွာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ထိုရွာမှ ၁၅ နှစ် အရွယ် အမျိုးသမီး နှစ်ဦး နှင့် ငါးနှစ်အရွယ် မိန်းခလေးတစ်ဦး၊ ရှစ်နှစ်အရွယ် ယောက်ျားလေး တစ်ဦးတို့ ပျောက်ဆုံးနေကြောင်း ဒေသခံများထံက သိရသည်။

"ကျွန်တော်တို့ တစ်ရွာထဲကိုပဲ ပစ်သွားတာ။ ရုတ်တစ်ရက်ကြီး ဝင်ပစ်သွားတော့ ရှောင်ချိန်လည်း မရှိလိုက်ဘူး။ တစ်ရွာလုံး မသေတာ ကံကောင်းလို့။ ကျွန်တော်တို့ ရွာလေးက အေးအေးချမ်းချမ်း နေတဲ့ရွာပါ။ ကျွန်တော်တို့က တောချုံအုံကြားမှာ နေရတော့ ဗဟုသုတလည်း မကြွယ်ဝနဲ့။ အခုလိုဖြစ်သွားတော့ တအား ကြောက်သွားတယ်။ ဒီနေ့လည်း လေယာဥ်ထပ်လာမယ် သတင်းကြားလို့ ပုန်းနေရတာ " ဟု ဒေသခံက ယနေ့ ပြောသည်။

ဂဟဲရွာသည် အင်းတော်မြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးပြီး အိမ်ခြေ ၇၀ ကျော် ရှိသော ရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကလေးငယ်များ၊ အသက်ကြီးသူများ အပါအဝင် လူဦးရေ ၃၀၀ခန့် စစ်ဘေး ရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly