အသံထက်မြန်သော ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ဟု မြောက်ကိုရီးယား ပြော 

အသံထက်မြန်သော ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ဟု မြောက်ကိုရီးယား ပြော 
Photo - AFP

ဇန်နဝါရီ ၆

မြောက်ကိုရီးယားနိုင်ငံဟာ အသံထက်မြန်တဲ့ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကနေ ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တာကြောင့် နျူကလီးယားလက်နက်နိုင်ငံအနေနဲ့ အခုနှစ်အတွင်း ပထမဆုံး လက်နက်ကြီး စမ်းသပ်မှုပဲ ဖြစ်ပါတယ်။ 

ဒါဟာဆိုရင် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရှုတ်ချမှုတွေ ရှိတဲ့ကြားမှာပဲ မြောက်ကိုရီးယားဟာ ခေတ်မီနည်းပညာဖော်ဆောင်ရင်း အသံထက်မြန်တဲ့ ဒုံးကျည်တွေ စမ်းသပ်တယ်လို့ ဒုတိယအကြိမ်မြောက် သတင်းထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။ 

အသံထက်မြန်တဲ့ ဒုံးကျည်တွေဟာ ပုံမှန်ဒုံးကျည်တွေထက် အကွာအဝေး ပိုရောက်ပြီး ပိုသွက်လက်ပေါ့ပါးတာကြောင့် အမေရိကန်က ကြားဖြတ်ဟန့်တားနိုင်ရေး ငွေဘီလီယံများစွာ သုံးစွဲနေရတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေအတွက် ပိုအခက်အခဲ ဖြစ်စေပါတယ်။ 

အခု အသံထက်မြန်ဒုံးကျည်ထိပ်ဖူးဟာ အကွာအဝေး ကီလိုမီတာ ၇၀၀ က ပစ်မှတ်ကို တိကျစွာ ထိမှန်တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပေမယ့် ဒုံးကျည်ပစ်လွှတ်ရာ အမျိုးအစားကိုတော့ ဖော်ပြတာ မရှိပါ။ 

“အသံထက်မြန် ဒုံးကျည်စမ်းသပ်မှု တိကျစွာ အောင်မြင်တာက မဟာဗျူဟာအရေးပါမှုပဲဖြစ်ပါတယ်”လို့ KCNA သတင်းက ဆိုပါတယ်။ 

မြောက်ကိုရီးယားရဲ့ လက်ရှိ ငါးနှစ်တာစီမံကိန်းမှာ မဟာဗျူဟာလက်နက်တွေအတွက် ထိပ်တန်းစမ်းသပ်မှုတွေမှာ အသံထက်မြန် ဒုံးကျည်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ Hwasong-8 အသံထက်မြန်တဲ့ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ 

အခုပစ်လွှတ်မှုဟာ ဆောင်းရာသီအခြေအနေအတွင်း လောင်စာလုံစနစ်ကို စမ်းသပ်ခဲ့တာဖြစ်တယ်လို့ KCNA သတင်းအရ သိရပါတယ်။ 

လောင်စာလုံစနစ်မှာ ဒုံးကျည်နဲ့ တွဲစပ်ထားတဲ့ တွန်းကန်အားစနစ်ထုတ်ပေးရာ ကျည်ဖူးပါဝင်တာဖြစ်ပြီး ပစ်လွှတ်ရာ နေရာမှာ လောင်စာလိုအပ်ချက်ကို ဖယ်ရှားပေးနိုင်တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly