ပုသိမ် အကျဉ်းထောင်တွင် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀၀ နီးပါးရှိနေ

ပုသိမ် အကျဉ်းထောင်တွင် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀၀ နီးပါးရှိနေ

ဇန်နဝါရီ ၆

ဧရာဝတီတိုင်း၊ ပုသိမ် အကျဉ်းထောင်တွင် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်သည့် အကြောင်းပြချက်ဖြင့် ပုသိမ်ခရိုင်အတွင်းမှ မတရား ဖမ်းဆီး အကျဉ်းချခံထားရသူ ၃၀၀ နီးပါး ရှိနေပြီဟု ရှေ့နေ အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ပုသိမ် အကျဉ်းထောင်တွင် မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသား အမျိုးသား ၂၇၀ ကျော်နှင့် အမျိုးသမီး ၂၀ ကျော်ရှိနေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း ဖမ်းဆီး အကျဉ်းချ ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

"ရဲစခန်းတွေနဲ့ စစ်တပ်ထဲက စစ်ကြောရေးမှာ ဖမ်းထားပြီး ထောင်ကို မပို့သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဆိုရင် ပုသိမ်ထောင်မှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ နီးပါးရှိတယ်၊ အားလုံး ကျန်းမာရေး ကောင်းကြတယ်လို့ သိရတယ်" ဟု ပုသိမ် အကျဉ်းထောင် ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသား ၃၀၀ နီးပါးအနက် ထောင်တွင်း တရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီး အမိန့်ချခံရသူ အမျိုးသား သုံးဦးရှိကြောင်း ၎င်းကဆိုသည်။

"အမိန့်ချပြီးတာက ကျုံပျော်မြို့နယ်က အမျိုးသား သုံးယောက်ပဲ ရှိသေးတယ်။ တစ်ယောက်က သုံးနှစ်၊ နှစ်ယောက်က ငါးနှစ် အမိန့်ချ ခံထားရတာပါ" ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။

ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်တိုင်းတွင် စစ်ကောင်စီကို ဆန့်ကျင်သူများအား PDF နှင့် အဆက်အသွယ် ရှိသည်ဟုဆိုကာ မတရား ဖမ်းဆီးကာ ငွေကြေးတောင်းယူပြီး ပြန်လွှတ်ပေးသည့် ဖြစ်စဉ် အများအပြား ရှိနေကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ဓာတ်ပုံ - ပုသိမ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အားကောင်းခဲ့စဉ် အချိန်က ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly