ကျေးရွာအတွင်း စစ်ကြောင်းထိုးကာ ပစ္စည်းများသိမ်းယူခဲ့သည့် စစ်ကောင်စီတပ် အပြန်လမ်းတွင် မိုင်းဆွဲခံရ

ကျေးရွာအတွင်း စစ်ကြောင်းထိုးကာ ပစ္စည်းများသိမ်းယူခဲ့သည့် စစ်ကောင်စီတပ် အပြန်လမ်းတွင် မိုင်းဆွဲခံရ
ဓာတ်ပုံ - ပုံဟောင်း

ဇန်နဝါရီလ ၅ရက်

မြောင်မြို့နယ် တောင်ဘက်ခြမ်းရှိ ညောင်ကားယားရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နှလုံးလှလူမိုက်ကြီးများအဖွဲ့နှင့် MG6 ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်း၍မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာဘက်ခြမ်းမှဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်ခန့်မှာ ယမန်နေ့ ဇန်နဝါရီလ ၄ ရက် နေ့ခင်းပိုင်းတွင် ဧရာဝတီမြစ်ကမ်းဘေးရှိ ညောင်ကားယားရွာသို့ ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်ကာ မွှေနှောက်ပြီး ပစ္စည်းများလည်း လုယူခဲ့ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လက်ထုတ်က မဇ္ဈိမအား ပြောပြသည်။ ပစ္စည်းဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကိုမူ စာရင်းပြုစုနေဆဲဖြစ်သည်။

“သူတို့စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ရွာသူရွာသားတွေအကုန် ထွက်ပြေးတဲ့အချိန် ရွာထဲမှာရှိတဲ့ ဆိုင်ကယ်တွေ၊ လက်ဝတ်ရတနာနဲ့ ပိုက်ဆံတွေ၊ ရွာသူရွာသားပိုင်ပစ္စည်းတွေ သိမ်းဆည်းခံရတယ်။ ပြည်သူပိုင် ပစ္စည်းတွေ ပြည်သူမသိဘဲယူတဲ့ကိစ္စတွေမှာ ရွာသားတွေပါ ငိုယိုခဲ့ရတယ်။ သူတို့စုဆောင်းထားတာတွေ ယူသွားတော့ ကြေကွဲကြတာပေါ့။ ဆိုင်ကယ်တွေကို သူတို့ကိုယ်တိုင်ယူသွားလို့ မရတော့ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းကို စက်လှေတွေနဲ့ ဆိုင်ကယ်တွေကို တင်ပြီးပို့တယ်။ ပြီးတော့ နယ်မြေပြန်ဆုတ်တဲ့အချိန် ကျွန်တော်တို့ နှလုံးလှအဖွဲ့နဲ့ MG6 တို့ ကြားဖြတ်တိုက်ခိုက်တာပေါ့” ဟု ထိုပြန်ကြားရေးတာဝန်ခံ က ပြောသည်။

ထို ၄ ရက်နေ့ ညနေပိုင်းတွင် ရွာချင်းဆက်ဖြစ်သည့် ရွာပုလဲကျေးရွာသို့ ဆက်ပြီးစစ်ကြောင်းထိုးရန် ရှေ့ပြေးတပ်သားများစေလွှတ်စဥ် နှလုံးလှလူမိုက်ကြီးများအဖွဲ့နှင့် MG6 ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်း၍ မိုင်း ငါးလုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မိုင်းဆွဲမှုကြောင့် ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင်မူ တပ်ပြန်ဆုတ်သွားကြောင်း သိရသည်။

“ရှေ့ပြေးလွှတ်တာတွေကို မိုင်းအရင်ဆွဲလိုက်တော့ သူတို့ပြန်တပ်ခေါက်သွားတယ်။ မနက်အစောကို အဲ့ရွာကနေ သူတို့ချက်ချင်းခွာကြတယ်။ ပုံမှန် ဒီဘက်နယ်ကိုဆင်းတယ်ဆိုရင် တစ်ပတ်လောက်ကြာတယ်၊ တစ်ရွာပြီး တစ်ရွာဝင်လိုက် ထွက်လိုက်လုပ်နေတာ။ ခုမိုင်းဆွဲလိုက်တော့ သူတို့အထိနာပြီး ချက်ချင်းတပ်ခေါက်သွားတယ်လို့ပဲ ပြောရမယ်။ တပ်ပြန်ခေါက်တဲ့အချိန်မှာ လမ်းကနေ ကြားဖြတ်တိုက်ခိုက်သေးတယ်။ ဒါပေမယ့် အရမ်းကြီး မထိရောက်ဘူး၊ သေဆုံးမှုမရှိဘူး” ဟု သူကပြောသည်။

မိုင်းဆွဲမှုကြောင့် စစ်ကောင်စီတပ်သား လေးဦး အပြင်းအထန်ဒဏ်ရာရပြီး သေဆုံးမှုအခြေအနေကိုတော့ မသိရသေးကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့ထံမှ သိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly