ကော့မှူးမြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ဒေသခံ ၇ ဦးကို ၆ရက်ကြာသည်အထိ ဖမ်းချုပ်ထား

ကော့မှူးမြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ဒေသခံ ၇ ဦးကို ၆ရက်ကြာသည်အထိ ဖမ်းချုပ်ထား

ဇန်နဝါရီ ၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ဒလန်ဟုဆိုသူ နှစ်ဦး ပစ်သတ်ခံရပြီးနောက် ဖမ်းဆီးခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ၇ ဦးကို ယနေ့အချိန်အထိ စစ်ကောင်စီက ပြန်မလွှတ်ပေးသေးကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“သူတို့ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းသွားတာ။ ဒီနေ့နဲ့ဆို ၆ ရက်ရှိပြီ။ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၇ ဦးပါ။ ဒီနေ့အထိ ပြန်မလွှတ်ပေးသေးသလို ဖမ်းသွားတဲ့နေ့ကတည်းက ဘာကြောင့်ဖမ်းတယ်ဆို တာကိုလည်း မသိရဘူး။ ကော့မှူးရဲစခန်းမှာ ဖမ်းထားတယ်ဆိုတာပဲ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကော့မှူးမြို့နယ် ကျိုက်ထော်ကျေးရွာက စစ်ကောင်စီ သတင်းပေး ဒလန်ဟုဆိုသူ နှစ်ဦး ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် အစောပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီက ကျိုက်ထော်ကျေးရွာ အတွင်းရှိ ဒေသခံ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် စစ်တပ်က ဖမ်းဆီးထားသူအချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ကိုယ်ဝန်သည်အပါအဝင် ဒေသခံ ၇ ဦးကို ယနေ့အချိန်အထိ ကော့မှူးရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

ကော့မှူးမြို့နယ် ကျိုက်ထော်ကျေးရွာရှိ စစ်ကောင်စီ သတင်းပေးဟုဆိုသူ နှစ်ဦးကို အာဏာရှင် တော်လှန်ရေး တပ်ဦး D.R.Fနှင့် ကော့မှူး ပကဖ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့ရာ ဦးဝင်းမြင့် ဆိုသူ အမျိုးသား ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးဖြစ်သည့် ဦးထွန်းနေလင်းမှာ ယနေ့အချိန်အထိ ရန်ကုန်မြို့ရှိ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အမျိုးသားနှစ်ဦးကို ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခဲ့ပြီး ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင် ၎င်းတို့၏ နာမည်များကို ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required