မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ဇန်နဝါရီ ၈ရက်မှ ၁၅ရက်အတွင်း ခန့်မှန်းချက်

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ဇန်နဝါရီ ၈ရက်မှ ၁၅ရက်အတွင်း ခန့်မှန်းချက်

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မိုးလေဝသ အခြေနေတွေနဲ့ ဇန်နဝါရီလ ၈ရက်ကနေ ၁၅ရက်အတွင်း မြန်မာနိုင်ငံနှင့် အနီး ပတ်ဝန်းကျင်တွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသ အခြေနေ ကြိုတင်ခန့်မှန်းချက်တွေကို မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကို မဇ္ဈိမက မေးမြန်းထားပါတယ်။

မေး - လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ နေ့အပူချိန်တွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦးဆရာ။

ဖြေ- မြန်မာနိုင်ငံမှာ လက်ရှိအချိန်ဟာ ဆောင်းရာသီ ကာလ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်မှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတု အခြေနေများနှင့် ပတ်သက်ပြီးတော့ ပထမဦးဆုံး နေ့အပူချိန်များနှင့် အခြေနေကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နေ့အပူချိန်တွေဟာ အကြမ်းအားဖြင့် ၅ မျိုးလောက် ခွဲခြားတင်ပြလို့ ရပါတယ်။ အအေးဆုံး နေ့အပူချိန်တွေကတော့ အကြမ်းအားဖြင့် ၁၀ ဒီဂရီ စင်တီဂရိတ်ကနေ ၁၅ ဒီဂရီ စင်တီဂရိတ်လောက် ရှိပြီးတော့ အဲဒီအပူချိန် ရှိတဲ့ ဒေသတွေကတော့ မြန်မာနိုင်ငံရဲ့ မြောက်ဘက်စွန်း ကချင်ပြည်နယ် မြောက်ပိုင်းစွန်း တစ်နည်းအားဖြင့် ပြောရရင်တော့ တောင်ကုန်းဒေသတွေလောက်မှာပဲ အဲဒီအပူချိန်ရှိပါတယ်။ အဲဒီအစွန်းလေးရဲ့ တောင်ဘက်ရောက်လာတဲ့ အခါမှာ အဓိကအားဖြင့် ကချင်ပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်း စတဲ့ဒေသတွေမှာတော့ နေအပူချိန်တွေဟာ ၁၅ ဒီဂရီ စင်တီဂရိတ်ကနေ ၂၀ ဒီဂရီ စင်တီ ဂရိတ် လောက်ရှိပါတယ်။ အဲဒီကနေ့ပြီး တော့ နောက်တစ်ဆင့် တောင်ဘက်ကို ရောက်လာမယ်ဆိုရင်တော့ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း စတဲ့ဒေသတွေမှာ  အပူချိန်တွေဟာ ၂၀ မှ ၂၅ စင်တီဂရိတ်လောက် ရှိပါတယ်။ အဲဒီရဲ့ တောင်ဘက်ကို ထပ်ဆင်းတဲ့ အခါမှာတော့ အထူးသဖြင့် မြန်မာနိုင်ငံ မြေလတ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသ အများပြားဖြစ်တဲ့ ရခိုင်ပြည်နယ် မကွေးတိုင်း တောင်းပိုင်း၊ မန္တလေးတိုင်း တောင်းပိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် မြောက်ပိုင်း၊ ဧရာဝတီတိုင်း မြောက်ပိုင်း၊ ရန်ကုန်တိုင်း မြောက်ပိုင်း စတဲ့ ဒေသတွေ ဖြစ်ပါတယ်။ အဲဒီမှာတော့ အပူချိန်တွေဟာ ၂၅ မှ ၃၀ စင်တီဂရိတ်လောက် ထိ ရှိပါတယ်။

မေး - လက်ရှိမှာ နေ့အပူချိန် အများဆုံးက ဘယ်ဒေသတွေဖြစ်မလဲ။ ဘယ်လောက် အတိုးအတာထိ ရှိလဲ။

ဖြေ - မြန်မာနိုင်ငံရဲ့ နေ့အပူချိန် အများဆုံး ရှိတဲ့ ဒေသတွေကတော့ တောင်ပိုင်းဒေသတွေ ဖြစ်ပါတယ်။ အဲဒီဒေသတွေထဲမှာ ဧရာဝတီတိုင်း တောင်ပိုင်း ရန်ကုန်တိုင်း တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တောင်းပိုင်းနှင့် တနင်္သာရီ တိုင်း စတဲ့ တိုင်းတွေ ပါဝင်ပြီးတော့ ၃၀ မှ ၃၅ ဒီဂရီ စင်တီဂရိတ်လောက်ထိ ရှိနေပါတယ်။

မေး - ဒီရက်ပိုင်း ညဘက် အအေးပိုလာတဲ့အတွက် ညအပူချိန်နဲ့ ပတ်သက်ပြီးလည်း ပြောပေးပါဦး။

ဖြေ - ဆက်လက်ပြီးတော့ ညအပူချိန် အခြေနေ တင်ပြလိုပါတယ်။ ညအပူချိန်များမှာလဲ မြန်မာနိုင်ငံမှာ အကြမ်းအားဖြင့် ၆ မျိုးလောက် ခွဲလို့ရပါတယ်။ ထုံးစံတိုင်း မြန်မာနိုင်ငံရဲ့ မြောက်ဘက်ထိပ်ပိုင်း ဖြစ်တဲ့ ကချင်ပြည်နယ် ထိပ်ပိုင်းလေးမှာတော့ ညအပူချိန်တွေဟာ ရေခဲမှတ်ရဲ့ အောက်ရောက်အောင် အေးနေပါတယ်။

ကိန်းဂဏန်းနဲ့ တင်ပြရမယ်ဆိုရင်တော့ အနှုတ် ၅ ဒီဂရီကနေ သုည ဒီဂရီ စင်တီဂရိတ်လောက်ထိ ည အပူချိန်တွေ ရှိနေပါတယ်။ အဲဒီကနေပြီးတော့ တောင်ဘက်ကို ဆင်းလာမယ်ဆိုရင်တော့ စောစောကအတိုင်းပဲ ကချင်ပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်း စတဲ့ဒေသတွေမှာတော့ ညအပူချိန်တွေဟာ သုညဒီဂရီကနေ ၅ ဒီဂရီ စင်တီဂရိတ်လောက်ထိ ရှိပါတယ်။ အဲဒီကမှ တစ်ဆင့် တောင်ဘက်ကို ဆက် ဆင်းမယ်ဆိုရင်တော့ စစ်ကိုင်းတိုင်းအောက်ကိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း မြောက်ပိုင်းစတဲ့ဒေသတွေမှာတော့ ညအပူချိန်တွေဟာ ၅ဒီဂရီမှာ ၁၀ ဒီဂရီ စင်တီဂရိတ်လောက်ထိ ရှိပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများဖြစ်တဲ့ မန္တလေးတိုင်း တောင်ပိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ရန်ကုန်တိုင်း မြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် မြောက်ပိုင်း စတဲ့ ဒေသတွေမှာ ညအပူချိန်တွေဟာ တော်တော်လေး နိမ့်ကျပြီးတော့ ၁၅ ဒီဂရီ စင်တီဂရိတ်လောက်ထိ ရှိပါတယ်။ အဲဒီကနေ တောင်ဘက်ကို တက်လာမယ် ဆိုရင်တော့ ညအပူချိန်တွေဟာ တစ်ဖြေးဖြေး ပိုမို မြင့်တက်လာပါတယ်။ ဧရာဝတီတိုင်း တောင်ပိုင်း၊ ရန်ကုန်တိုင်း တောင်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း မြောက်ပိုင်း စတဲ့ ဒေသတွေမှာ ညအပူချိန်တွေဟာ ၁၅ ကနေ ၂၀ လောက်ထိ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်းဖြစ်တဲ့ တနင်္သာရီတိုင်းမှာတော့ ညအပူချိန်တွေဟာ အမြင့်ဆုံး ဖြစ်ပြီး အကြမ်းအားဖြင့် ၂၀ မှ ၂၅ ဒီဂရီစင်တီဂရိတ်လောက် ထိ လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

မေး- မိုးရွာသွန်းမှု အခြေအနေရော တွေ့ရလား။ မိုးရွာသွန်းနိုင်တဲ့ ဒေသတွေ ရှိလား။

ဖြေ - မိုးရွာသွန်းမှု အနေနဲ့တော့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ မိုးရွာသွန်းတဲ့ ဒေသရယ်လို့ မရှိသလောက် လျော့နည်းနေတဲ့ ကာလ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ထူးခြားတာ တစ်ခုကတော့ လက်ရှိကာလဟာ အမှန်အားဖြင့် ဆောင်းရာသီကာလ ဖြစ်ပါတယ်။ ဆောင်းရာသီကာလ ဖြစ်ပေမယ့် လက်ရှိအခြေနေမှာ မြန်မာနိုင်ငံမှာ ဖုံးနေတဲ့ မိုးတိမ်တွေ မရှိတဲ့ အတွက် မိုးရွာသွန်းမှု လုံးဝ မရှိတဲ့ အနေထား ဖြစ်တဲ့ အတွက် နောက်တစ်ခု ဖြစ်လာတာကတော့ ဒီချိန်ကာလမှာ မြေပြင်ကို နေရောင်ခြည် အများဆုံး ရောက်နေတဲ့ ကာလဖြစ်ပါတယ်။ တစ်နည်းပြောရရင်နေတော့ နေသာတဲ့ ကာလဖြစ်ပါတယ်။ နေရောင်ခြည် ရောက်လာလို့ ရှိရင် နေရောင်ခြည်ထဲမှာ ပါလာ တစ်ခု ရှိပါတယ်။ ခရမ်းလွန်ရောင်ခြည် ဖြစ်ပါတယ်။ လက်ရှိအခြေနေမှာ ခရမ်းလွန်ရောင်ခြည်ဟာ နွေရာသီ ကာလ တစ်ခုကဲ့သို့ မြန်မာနိုင်ငံတစ်ဝန်းမှာ မြင့်တက်နေတာ တွေ့ရပါတယ်။

မေး - အဲ့ဒီ့ ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်သက်ပြီးလည်း ရှင်းပြပေးပါဦး။ ဘယ်ဒေသတွေက ခရမ်းလွန်ရောင်ခြည်မြင့်နေလဲ။ သတိထားရမယ့်ဒေသတွေရှိရင် ပြောပေးပါဦး။

ဖြေ - အရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အဆင့် သုံးမျိုး တွေ့နေရပါတယ်။ မြန်မာနိုင်ငံရဲ့ အထက်ပိုင်း မြောက်ပိုင်းဒေသတွေ ဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ် စတဲ့ ဒေသတွေမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အဆင့်ဟာ Hight  လို့ခေါ်တဲ့ မြင့်မားတဲ့ အဆင့်မှာ ရှိနေပါတယ်။ သူ့ရဲ့ အောက်ဘက် တောင်ဘက်ကို ဆင်းလာမယ် ဆိုရင်တော့ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် မြောက်ပိုင်းစတဲ့ ဒေသတွေမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအဆင့်ဟာ Very Hight  အလွန်မြင့်တယ်ဆိုတဲ့ အဆင့်ကို ရောက်နေပါတယ်။ ထူးခြားတာကတော့ မြန်မာနိုင်ငံရဲ့ တောင်ပိုင်း အစွန်းဖြစ်တဲ့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ် တောင်ပိုင်းနှင့် ကရင်ပြည်နယ် တောင်ပိုင်း တွေမှာ တော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အဆင့်ဟာ နွေရာသီကာလ တစ်ခုကဲ့သို့ Extreme  လို့ခေါ်တဲ့ လွန်ကဲတဲ့ အဆင့်ထိ ရောက်ရှိနေတာကို တွေ့ရပါတယ်။

မေး - ရှေ့လာမယ့် ဇန်နဝါရီ ၈ရက်၊ ၉ရက်ကနေ တစ်ပတ်အတွင်း မိုးလေဝသ အခြေအနေတွေ ခန့်မှန်းပေးပါဦး။

ဖြေ - ဆက်လက်ပြီး တင်ပြလိုတာကတော့ လာမယ့်ရက်သတ္တပတ် အတွက် မိုးလေဝသ ခန့်မှန်းချက်များ ဖြစ်ပါတယ်။ လက်ရှိကာလဟာ ဆောင်းရာသီ ကာလ ဖြစ်တဲ့ အတွက် ဘင်္ဂလား ပင်လယ်အော် အနောက်တောင်းပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့မှာ တိမ် အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဆောင်းရာသီ အရှေ့မြောက် လေအေးတွေ တိုက်ခတ်နေတဲ့ အတွက် မုန်တိုင်း ဖြစ်ပေါ်ဖို့ အလားလာ မရှိသလို မြန်မာ့ ကမ်းရိုးတန်းမှာလည်း လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်း အမြင့်ဟာ တစ်ပေမှ သုံးပေခန့်သာ အများဆုံး ရှိပါတယ်။ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု အလားလာ မရှိဘူး ဆိုတဲ့ အနေထား ဖြစ်ပါတယ်။

မိုးရွာသွန်းမှု အနေနဲ့လည်း ရှမ်းပြည်နယ်မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာသွန်းမှု ရှိတာက လွဲရင်တော့ ကျန်တပြည်လုံးမှာ သာသာယာယာ ရှိလိမ့်မယ်လို့ ခန့်မှန်း ရရှိထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly