အဖွဲ့မှထွက်ခွာရန် ပြောဆိုသော မိခင်ကို သားဖြစ်သူ အိုင်အက်စ်စစ်သွေးကြွက သတ်ဖြတ်ဟုဆို

အဖွဲ့မှထွက်ခွာရန် ပြောဆိုသော မိခင်ကို သားဖြစ်သူ အိုင်အက်စ်စစ်သွေးကြွက သတ်ဖြတ်ဟုဆို

ဘေရွတ်၊ ဇန်နဝါရီ ၈ ။          ။ အိုင်အက်စ်အဖွဲ့မှ ထွက်ခွာရန် ပြောဆိုသော မိခင်ဖြစ်သူကို သားဖြစ်သူ အိုင်အက်စ်စစ်သွေးကြွက ဆီးရီးယားရှိ ရာကာမြို့တွင် အများပြည်သူရှေ့၌ သတ်ဖြတ်ခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့်အဖွဲ့က ဇန်နဝါရီ ၈တွင် အစီရင်ခံသည်။

အမေရိကန်ကျောထောက်နောက်ခံ မဟာမိတ်များသည် အိုင်အက်စ်အဖွဲ့ကို ချေမှုန်းသုတ်သင်မည်ဖြစ်၍ သူမနှင့်အတူ မြို့မှထွက်သွားရန် အသက် ၄၀ကျော်ရှိ အဆိုပါအမျိုးသမီးက သားဖြစ်သူကို   ပြောကြားခဲ့သည်။ သူမ၏ ပြောကြားချက်များကို သားဖြစ်သူက အဖွဲ့သို့သတင်းပို့ပြီးနောက် သူမအား ဖမ်းဆီးခဲ့သည်ဟု ဗြိတိန်အခြေစိုက် စောင့်ကြည့်အဖွဲ့ကဆိုသည်။ ၎င်းအဖွဲ့သည် မြေပြင်မှ သတင်းရင်းမြစ်ကွန်ရက်များမှတဆင့် စစ်ပွဲကို စောင့်ကြည့်လျက်ရှိသည်။

အသက် ၂၀ခန့်ရှိ အဆိုပါအိုင်အက်စ်အဖွဲ့ဝင်သည် မိခင်အလုပ်လုပ်ခဲ့သည့် ရာကာရှိ စာတိုက်အဆောက်အအုံအနီး လူရာပေါင်းများစွာ၏ရှေ့တွင် မိခင်ကို သတ်ဖြတ်ခဲ့သည်ဟု   ဒေသခံသတင်း ရင်းမြစ်များကို ကိုးကား၍ စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

ရာကာသည် အိုင်အက်စ်တို့၏ အဓိကအခြေစိုက်စခန်းတစ်ခုဖြစ်သည်။ ဆီးရီးယားနှင့် အီရတ်ရှိ ကျယ်ပြန့်သည့် နယ်မြေများကို ထိန်းချုပ်ထားသည့် အိုင်အက်စ်အုပ်စုသည် ၎င်းတို့၏ ရန်သူများအတွက် အလုပ်လုပ်နေသူများ သို့မဟုတ် တင်းကျပ်သည့် အစ္စလာမ်ဥပဒေကို ချိုးဖောက်သူများဟု စွပ်စွဲခံရသူ ရာပေါင်းများစွာကို ကွပ်မျက်ခဲ့ပြီးဖြစ်သည်။သို့သော်လည်း နောက်ဆုံးသတင်းကို လွတ်လပ်စွာ အတည်ပြုရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly