တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံနှင့်ပတ်သက်ပြီး ဘာလိုချီစတန်ခေါင်းဆောင်က ပါကစ္စတန်အစိုးရကို သတိပေး

By Asianlite
04 January 2022
တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံနှင့်ပတ်သက်ပြီး ဘာလိုချီစတန်ခေါင်းဆောင်က ပါကစ္စတန်အစိုးရကို သတိပေး

ဘာလိုချီစတန်ဒေသ ခေါင်းဆောင်တစ်ဦးဖြစ်သလို "ဂွာဒါကို အခွင့်အရေးများ ပေးပါ" ဆိုသည့် လှုပ်ရှားမှု၏ ဦးဆောင်သူလည်း ဖြစ်သည့် မော်လာနာ ဟီဒါယက်တာ ရာမန် ဘာလို့ချ်က တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ(CPEC) နှင့် ပတ်သက်ပြီး ပါကစ္စတန်အစိုးရကို သတိပေးပြောဆိုခဲ့သည်။ CPEC နှင့် ဘာလိုချီစတန်၏ အရင်းအမြစ်များသည် ဒေသခံပြည်သူများသာ တရားဝင် ပိုင်ဆိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။

ဘာလိုချီစတန်ရှိ ပင်လယ်မှ အရင်းအမြစ်များကို လုယက်ခွင့် မည်သူကိုမှ ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် ထို အရင်းအမြစ်များက ဒေသခံငါးဖမ်းသမားများသာ ပိုင်ဆိုင်ကြောင်း မော်လာနာက အိုမာရာမြို့တွင် ဒေသခံ ငါးဖမ်းသမားများက ပြောဆိုသည်။

အာရေးဘီးယန်းပင်လယ်မှ ငါးဖမ်းစခန်းနေရာများကို အသုံးချလုပ်ကိုင်ထားခဲ့သည့် တရုတ်၏ စီးပွားဖြစ် ဆွဲပိုက်ချသင်္ဘောများကို မော်လာနာ ဘာလို့ချ်က ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ၎င်းသည် ပါကစ္စတန်ရေတပ်က လုပ်ဆောင်နေသော စည်းရိုးကာမှုကို ရည်ညွှန်းရင်း "ခုချိန်ကနေစလို့ တကယ်လို့ ပါကစ္စတန်ရေတပ်က စည်းရိုးအတားအဆီးတစ်ခု တည်ဆောက်မယ်ဆိုရင် အိုမာရာ ပြည်သူ တွေဆီကနေ ခွင့်တောင်းရပါလိမ့်မယ်၊ အဲလိုမှမဟုတ်ရင် ကျွန်တော်တို့ အဲဒီ စည်းရိုးကို ဖြတ်တောက် ဖျက်ဆီးသွားပါမယ်" ဟု ၎င်းက ပြောခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ရေတပ် သို့မဟုတ် CPEC ပရောဂျက်များကို တရုတ်တို့ တည်ဆောက်နေသည့် အပိုင်းဧရိယာများတွင် ပါကစ္စတန်အစိုးရက ခြံစည်းရိုးခတ်ထားခဲ့သည်။

တရုတ်၏ စီမံကိန်းများကို ဆန့်ကျင်ဆန္ဒပြနေသည့် ဒေသခံများက ယင်းစီမံကိန်းများကြောင့် ၎င်းတို့အနေဖြင့် ပင်လယ်ပြင်သို့ ဝင်လမ်းများ ဖြတ်တောက်ပိတ်ဆို့ခံထားရပြီး ဘာလိုချီစတန်ပြည်နယ်အတွင်းမှာပင် ၎င်းတို့၏ လှုပ်ရှားသွားလာမှုများ ကန့်သတ်ခံထားရသည်ဟု ပြောကြသည်။

ထို့ပြင် CPEC ပရောဂျက်များရှိ အလုပ်အကိုင်နေရာများသည် ၎င်းတို့ထံ ရောက်ရှိမလာဘဲ ယင်းတို့ကို တရုတ်နိုင်ငံသားများကိုသာ ကမ်းလှမ်းပေးထားသည်ဟုဆိုကာ ဒေသပြည်သူများက မကျေမနပ်ဖြစ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly