ဆိုက်ဘာတိုက်ခိုက်မှုနှင့် သူလျှိူအစီအစဉ်တို့ နောက်ကွယ်တွင် တရုတ်နိုင်ငံရှိနေကြောင်း ဂျပန်ရဲများ သံသယရှိနေ

ဆိုက်ဘာတိုက်ခိုက်မှုနှင့် သူလျှိူအစီအစဉ်တို့ နောက်ကွယ်တွင် တရုတ်နိုင်ငံရှိနေကြောင်း ဂျပန်ရဲများ သံသယရှိနေ

ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ဆိုက်ဘာသူလျှိူ ပြုလုပ်ခြင်းများအတွက် အဆင့်မြင့် ကွန်ပြူတာ လုံခြုံရေးဆော့ဖ်ဝဲကို ဂျပန်တွင် တရားမဝင်ဝယ်ယူရန် ကြိုးပမ်းခဲ့သည့် တရုတ်နိုင်ငံမှ ကျောင်းသားဟောင်းတစ်ဦးကို သံသယရှိကြောင်း ဂျပန်အာဏာပိုင်တို့က သံသယရှိကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

အမည်ခံကုမ္ပဏီတစ်ခုကို အသုံးပြုကာ ဆော့ဖ်ဝဲကို ဝယ်ယူရန် တရုတ်စစ်တပ် (PLA) နှင့် ပတ်သက်သူတစ်ဦး၏ က အဆိုပါ တရုတ်အမျိုးသားကို ညွှန်ကြားခဲ့ကြောင်း စုံစမ်းရေးအဖွဲ့က သံသယရှိနေသည်ဟု NHK World သတင်းဌာနက ဖော်ပြထားသည်။

ဂျပန်ကုမ္ပဏီများအား ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ရာတွင် ယင်းအဖွဲ့အစည်းများ၏ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားမှုများ၏ အားနည်းချက်များကို တရုတ်က သိရှိအောင် ကြိုးစားခဲ့သည်ဟု ဂျပန်ရဲများက သံသယရှိနေသည်။

အသက် ၃၀ ကျော်အရွယ် တရုတ်ကျောင်းသားဟောင်းသည် အဆင့်မြင့်နည်းပညာပါဝင်သည့် ဆော့ဖ်ဝဲကို ၂၀၁၆ ခုနှစ်က ဝယ်ယူရန် ကြိုးစားခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းဆော့ဖ်ဝဲကို ဂျပန်တွင် ကုမ္ပဏီများကသာ ဝယ်ယူခွင့်ရှိသည်။

အဆိုပါဆော့ဖ်ဝဲကို ရောင်းချသည့်ကုမ္ပဏီက သံသယဖြစ်ကာ အရောင်းအဝယ်သဘောတူညီချက်ကို ဖျက်သိမ်း လိုက်ခြင်းကြောင့် ဝယ်ယူနိုင်ခြင်း မရှိခဲ့ပေ။

တိုကျိုမြို့တော်ရဲတပ်ဖွဲ့က အဆိုပါကျောင်းသားဟောင်းကို အလွတ်သဘော မေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းသည် ဂျပန်နိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်းသိရသည်။ 

လိမ်လည်မှုပြုလုပ်ကြောင်း သံသယရှိမှုဖြင့် ၎င်းကို ဖမ်းဝရမ်းထုတ်ခဲ့သည့်အပြင် ပြည်ပနိုင်ငံမှ အလိုရှိနေသည့် ရာဇဝတ်မှု ကျူးလွန်သူများစာရင်းတွင် ၎င်းကို ထည့်သွင်းရန် နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့အား ဂျပန်အာဏာပိုင်များက အကူအညီတောင်းခဲ့ကြောင်း NHK World သတင်းတွင် ဖော်ပြထားသည်။

တရုတ်စစ်တပ်၏ ညွှန်ကြားချက်အောက်မှ ဟက်ကာများသည် ၂၀၁၆ ခုနှစ်အတွင်းက ဂျပန် အာကာသလေ့လာရေးအေဂျင်စီနှင့် ကာကွယ်ရေးနှင့် ဆက်စပ်သည့်ကုမ္ပဏီများအပါအဝင် အဖွဲ့အစည်းပေါင်း ၂၀၀ ခန့်ကို ကြီးမားသည့် ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့သည်။ နောက်ဆုံး ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်တွင် တရုတ်စစ်တပ်၏ ဆိုက်ဘာတိုက်ခိုက်ရေးတပ်ဖွဲ့အမှတ် ၆၁၄၁၉ နှင့် ဆက်စပ်သူတစ်ဦးက ဆက်သွယ်ရေး
အပလီကေးရှင်းတစ်မျိုးကို အသုံးပြုကာ ဂျပန်ရှိ တရုတ်အမျိုးသားအား ညွှန်ကြားချက်များပေးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့များက တွေ့ရှိခဲ့သည်ဟု NHK World သတင်းတွင် ဖော်ပြထားသည်။

တရုတ်အစိုးရက ဆိုက်ဘာတိုက်ခိုက်မှုများ နောက်ကွယ်တွင် ပါဝင်နေကြောင်း သံသယရှိနေသဖြင့် လုံခြုံရေးအတွက် ဂျပန်အာဏာပိုင်များက ပိုမိုစိုးရိမ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly