ဆီးရီးယားအစိုးရက ငတ်မွတ်ခေါင်းပါးနေသည့် ကျေးရွာများသို့ ကုလအထောက်အပံ့များ ၀င်ခွင့်ပြု

ဆီးရီးယားအစိုးရက ငတ်မွတ်ခေါင်းပါးနေသည့် ကျေးရွာများသို့ ကုလအထောက်အပံ့များ ၀င်ခွင့်ပြု

ဘေရွတ်၊ ဇန်နဝါရီ-၈ ။          ။ အာဟာရချို့တဲ့၍ သေဆုံးနေသည့် သတင်းများထွက်ပေါ်လာပြီးနောက် ဆီးရီးယားအစိုးရက ရန်သူပတ်လည်ဝိုင်းနေသည့် ကျေးရွာများအတွင်းသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီအများကို ဝင်ခွင့်ပြုခဲ့သည်ဟု ကုလအရာရှိတစ်ဦးက ဇန်နဝါရီလ ၇ရက်နေ့က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အကူအညီပေးရေးအုပ်စုတစ်စုဖြစ်သည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF)၏ ပြောကြားချက်အရ MSFက ထောက်ပံ့နေသည့် ကျန်းမာရေးစင်တာတစ်ခုတွင် ဒီဇင်ဘာ ၁ရက်နေ့မှ ယခုအချိန်အထိ တစ်နှစ်အောက် မွေးကင်းစကလေးငယ် ၆ယောက်နှင့် အသက်၆၀ကျော် လူကြီး ၅ယောက်အပါအဝင် လူနာ ၂၃ယောက်တို့မှာ ငတ်မွတ်ခေါင်းပါး ၍ သေဆုံးခဲ့ကြရပြီဖြစ်သည်ဟု ဆိုသည်။

ဆီးရီးယားရှိ ကုလ လူသားချင်းစာနာမှုအကူအညီ ညှိနှိုင်းရေးမှူး Yacoub El Hillo ၏ ထုတ်ပြန်ချက်တစ်ခုအရ လာမည့်လများတွင် ကျေးရွာများအတွင်းသို့ အကူအညီများ စတင်ဝင်ရောက် မည်ဖြစ်သည်ဟု ဆိုသည်။

စားနပ်ရိက္ခာအကျပ်အတည်းတွေ့နေသည့် ရွာနှစ်ရွာမှာ နိုင်ငံမြောက်ပိုင်းရှိ အစိုးရဆန့်ကျင်ရေး စစ်သွေးကြွများက တစ်နှစ်ကျော် ဝိုင်းရံပိတ်ဆို့ထားရာ ရှီးအိုက်ကျေးရွာများဖြစ်သည့် ဖိုအာနှင့် ကေဇာယာ နှစ်ရွာဖြစ်ပြီး၊ တတိယရွာမှာ ဇူလိုင်အစောပိုင်းက အစိုးရတပ်ဖွဲ့များက သိမ်းပိုက်ထားခဲ့သည့် လက်ဘနွန်နယ်စပ်အနီးရှိ မာဒါယာရွာဖြစ်သည်။

 ‘ဆီးရီးယားအစိုးရက ရွာသုံးရွာကို ဝင်ခွင့်ပြုတာကို ကုလသမဂ္ဂက ကြိုဆိုပါတယ်။ လာမယ့်ရက်တွေမှာ အကူအညီတွေ ပေးသွားနိုင်ဖို့ ပြင်ဆင်နေပါတယ်’’ဟု အယ်လ် ဟီလိုက ပြောကြားခဲ့သည်။

တက်ကြွလှုပ်ရှားသူများ၏ ပြောကြားချက်အရ ပြီးခဲ့သည့် ရက်သတ္တပတ်များက ဧရိယာနှစ်ခုစလုံးတွင် အာဟာရပြတ်၍ လူအမြောက်အများ သေဆုံးခဲ့ကြရသည်ဟု ဆိုသည်။ လက်ရှိ ရှီးအိုက်ရွာနှစ်ရွာတွင် လူ ၃၀၀၀၀ခန့် နေထိုင်လျှက်ရှိပြီး၊ မာဒါယာတွင်မူ ထို့ထက်ပင် ပိုများသည်ဟု ဆိုသည်။

‘မာဒါယာမှာ ရှိနေသေးတဲ့ လူ ၄၂၀၀၀လောက်ဟာ ငတ်မွတ်ခေါင်းပါးမယ့်အန္တရာယ် ကြုံနေကြရပါတယ်’’ဟု အယ်လ် ဟီလိုက သတိပေးပြောကြားခဲ့သည်။

အရှေ့ပိုင်း ဒီရာ အယ် ဇိုအာမြို့နှင့် ဒမတ်စကတ်ဆင်ခြေဖုံးများအပါအဝင် စစ်ပွဲဧရိယာများအတွင်း တပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့ခဲ့ထားရသည့် လူပေါင်း ၄၀၀၀၀၀နီးပါး၏ ဆင်းရဲဒုက္ခအတွက် ကုလသမဂ္ဂက အထူးသဖြင့် စိုးရိမ်နေကြောင်းလည်း အယ် ဟီလိုက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အချို့သောနေရာများသို့ အကူညီများ ပေးပို့ရန် ကုလ၏ တောင်းဆိုချက်ကို ဆီးရီးယားသမ္မတ အာဆတ်၏ အစိုးရက အကြိမ်ကြိမ် ငြင်းဆန်နေခဲ့သည်။

‘ယမန်နှစ်ကဆိုရင် တပ်ဖွဲ့တွေဝိုင်းရံပိတ်ဆို့ထားတဲ့ နေရောတွေကို အကူအညီပေးရေးယာဉ်တန်းတွေ ဝင်ခွင့်ပြုဖို့ တောင်းဆိုချက်အားလုံး ၁၀ရာခိုင်နှုန်းပဲ လိုက်လျောခွင့်ပြု ခံခဲ့ရတယ်’ဟု   ကြေညာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly