တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့အား လွှမ်းမိုးရန် ရည်ရွယ်သော တရုတ်၏ အစီအစဉ်များကို အမေရိကန် အစီရင်ခံစာတွင် ဖော်ပြထား

တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့အား လွှမ်းမိုးရန် ရည်ရွယ်သော တရုတ်၏ အစီအစဉ်များကို အမေရိကန် အစီရင်ခံစာတွင် ဖော်ပြထား

အမေရိကန်ကွန်ဂရက် သုတေသနလုပ်ငန်းဆိုင်ရာ အစီရင်ခံစာ (CRS) အသစ်တစ်စောင်တွင် တရုတ်၏ လုပ်ဆောင်နေမှုများကို ဖော်ပြထားပြီး တရုတ်အစိုးရက မကြာသေးမီက ပြဌာန်းခဲ့သည့် အာဏာရှင်ဆန်သော ဥပဒေသည် အရှေ့အာရှဒေသ အထူးသဖြင့် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့ကို လွှမ်းနိုင်ရန် ရည်ရွယ်ထားသောကြောင့် စိုးရိမ်စရာကောင်းကြောင်းလည်း ဖော်ပြထားသည်။

“တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်နှင့် ပတ်သက်သည့် တရုတ်၏ မဟာဗျူဟာအပေါ် လေ့လာသုံးသပ်သူများက တစ်စတစ်စ ချဲ့ထွင်သည့် မဟာဗျူဟာအဖြစ် သုံးသပ်ပြီး လုပ်ဆောင်ချက် အများအပြားပါဝင်ကာ တရုတ်ရဲ့ အင်အားကို တစ်ဖြည်းဖြည်း ပြောင်းလဲပစ်ဖို့ ဖြစ်ပါတယ်” ဟု ‘တောင်နှင့် အရှေ့တရုတ် ပင်လယ်တို့တွင် အမေရိကန်-တရုတ် မဟာဗျူဟာ ယှဉ်ပြိုင်မှု-- ကွန်ဂရက်အတွက် နောက်ခံအချက်အလက်နှင့် အကြောင်းအရာများ’ အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

CRS က ပြုစုသည့် အဆိုပါ အစီရင်ခံစာကို ဒီဇင်ဘာလ နှောင်းပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သည် ကွန်ဂရက် ကော်မတီများနှင့် ကွန်ဂရက်အဖွဲ့ဝင်များပါဝင်ဖွဲ့စည်းထားသော ဘက်မလိုက်သည့် အဖွဲ့အစည်းဖြစ်ပြီး ကွန်ဂရက်၏ လမ်းညွှန်မှုအောက်တွင် လုပ်ကိုင်နေသည်။

တရုတ်သည် ငြိမ်းချမ်းရေးနှင့် စစ်ဖြစ်ပွားမှုအကြားရှိ မီးခိုးရောင်ဇုန်တွင် ရပ်တည်နေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်အစိုးရ၏ မူဝါဒတွင် အင်အားတိုးချဲ့ခြင်း။ ကျူးကျော်ခြင်း သို့မဟုတ် အငြင်းပွားနယ်မြေများအတွက် တစ်ဖက်တွင် ဆွေးနွေးသလို တစ်ဖက်တွင် သိမ်းယူခြင်းတို့ ပြုလုပ်ခြင်းများ ပါဝင်သည်။

အခြားလုပ်ဆောင်ချက်များထက် တောင်တရုတ်ပင်လယ်အတွင်း ပရာဆယ်ကျွန်းများနှင့် စပရက်တလေကျွန်းများ စစ်စခန်းတည်ဆောက်ခြင်းများသည် တရုတ်က ယင်းဒေသတွင် ထိရောက်သော ထိန်းသိမ်းမှုများ လျင်မြန်စွာလုပ်ခြင်း ဖြစ်သောကြောင့် အမေရိကန်မှ လေ့လာသူများသူများအတွက် စိုးရိမ်စရာများ မြင့်တက်လာစေသည်။ 

တရုတ်က ယင်းကဲ့သို့ တည်ဆောက်မှုများကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်ခဲ့ဖွယ်ရှိသော်လည်း ၂၀၁၄ ခုနှစ်၊ မေလရောက်မှသာ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တရုတ်က စပရက်တလေ ကျွန်းများတွင် ၇နေရာကို သိမ်းယူထားပြီး ကျွန်းတည်ဆောက်ရေးနှင့် အဆောက်အအုံတည်ဆောက်ရေးတို့ကို ယင်းနေရာအားလုံးနီးပါးတွင် ပြုလုပ်လျက်ရှိသည့်အနက် Fiery Cross သန္တာကျောက်တန်း၊ Subi သန္တာကျောက်တန်း၊ Mischief သန္တာကျောက်တန်းနေရာများတွင် ရှည်လျားသည့် လေယာဉ်ပြေးလမ်းများအပြင် အဆောက်အအုံများနှင့် အခြားတည်ဆောက်ရေး လုပ်ငန်းများကို ပြုလုပ်လျက်ရှိ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အခြား စိုးရမ်ပူပန်စရာကောင်းသည့်အချက်တစ်ချက်မှာ တရုတ်အစိုးရ ၁၉၈၃ ခုနှစ် ပင်လယ်ရေကြောင်း သွားလာမှုဘေးကင်းရေး ဥပဒေကို ပြင်ဆင်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်းက အတည်ပြုခဲ့ပြီး အဆိုပါနှစ် စက်တင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်သည့် ပင်လယ်ရေကြောင်း ဥပဒေသစ်ဖြစ်သည်။

တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေဟု သတ်မှတ်ထားသော ယင်းနေရာသို့ ဝင်ရောက်လာမည့် ပြည်ပသင်္ဘောများနှင့် ပတ်သက်၍ သတိပေးချက်များ၊ လိုအပ်ချက်များကို ယင်းဥပဒေဖြင့် ထုတ်ပြန်နိုင်ရန် ဖြစ်သည်။ ယင်းဥပဒေမှ အချက်အလက်များကို တရုတ်က အမှန်တကယ် လုပ်ဆောင်မည်ဆိုပါက တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများ မြင့်တက်လာနို်ငသည်ဟု လေ့လာသူအချို့က သုံးသပ်ထားသည်။

ပင်လယ်ပြင် လွတ်လပ်စွာ သွားလာခွင့်နှင့် ၎င်းအပေါ် နှောက်ယှက်စွက်ဖက်မည်မဟုတ်ကြောင်း တရုတ်အစိုးရက ကြေညာထားသော်လည်း ယင်းကဲ့သို့ သွားလာခွင့်နှင့် ပတ်သက်၍ ကန့်သတ်ချက်များဖြင့် အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် ကုန်တင်သင်္ဘောများကိုသာ သွားခွင့်ပြုပြီး စစ်သင်္ဘောများနှင့် လေယာဉ်များကို ခွင့်ပြုမထားပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly