မှော်ဘီတွင် စစ်ကောင်စီ စီစဉ်သည့် ဘောလုံးပွဲ ကျင်းပနေစဉ် ဗုံးပေါက်

မှော်ဘီတွင် စစ်ကောင်စီ စီစဉ်သည့် ဘောလုံးပွဲ ကျင်းပနေစဉ် ဗုံးပေါက်

ဇန်နဝါရီလ ၄ရက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ယင်းတိုက်ပင် ကျေးရွာအုပ်စု သဲဖြူကျေးရွာ ဘောလုံးကွင်း အတွင်း၌ ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပွဲ ကျင်းပနေစဉ် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။

နံနက် ၈ နာရီ ၂၇ မိနစ် နှင့် ၃၇ မိနစ်တို့တွင် တစ်ကြိမ်စီ ဖောက်ခွဲခဲ့သည်ဟု ဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့သည့် အာဏာသိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ACPLF) အဖွဲ့ဝင်က ပြောသည်။

"ပွဲကျင်းပတာက ကျေးရွာ အုပ်ချုပ်ရေးမှူးကို အထက်က ခိုင်းလို့ လုပ်တာပါ။ ပွဲအတွင်းမှာ ရွာသားတွေနဲ့ အတူ စစ်သားတွေလည်း အရပ်ဝတ်နဲ့ ဝင်ကန်ပါတယ်။ ပထမအလုံး ကွဲချိန်မှာ ပြည်သူ အတော်များများ ပြန်သွားပါတယ်။ ဒါပေမဲ့ တချို့ကျန်နေတယ်။ အဲ့ဒါကြောင့် သတိထားပြီး နောက်အလုံးကို ခွဲလိုက်ရတယ်။ ပြည်သူတွေ မထိအောင်လို့" ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ တပ်သားများက ပြည်သူများကြားတွင် အသွင်ယူ ရောနှောနေ၍ ထိခိုက်မှု မရှိခဲ့ခြင်း ဖြစ်ပြီး ဘောလုံးပွဲ ပျက်သွားသည်ဟု ဆိုသည်။

"သူတို့မြို့ပေါ်မှာ တရားဝင် မလုပ်ရဲလို့ ချောင်ထဲမှာ လာလုပ်တယ်လို့ ထင်ပါတယ်။ လုံခြုံရေးယူတဲ့ တပ်က သူတို့ နေ့လယ်ဘက်ဆို ရဲဝတ်စုံနဲ့ ကျောင်းရှေ့မှာ စောင့်ပြီး ညဘက်ဆို စစ်ဝတ်စုံနဲ့ ရွာထဲမှာ ကင်းလှည့်ပါတယ်။ ရွာထိပ် မူလတန်းကြိုကျောင်းမှာ တပ်ဆွဲထားပြီး ညဆို ဓမ္မာရုံမှာ အိပ်ကြတယ်"ဟု ACPLF အဖွဲ့ဝင်က ပြောသည်။

ထိုလုပ်ဆောင်မှုကို အာဏာသိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့(ACPLF )အဖွဲ့၊ မှော်ဘီ့ရင်သွေးတပ် (Hmawbi Youth Army) နှင့် မှော်ဘီမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (People Defence Force – Hmawbi) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly