သူပုန်တွေကို လက်သင့်ခံ ခိုအောင်းခွင့်ပေးမှုအတွက် ဗင်နီဇွဲလားကို ကိုလံဘီယာ ပြစ်တင်

သူပုန်တွေကို လက်သင့်ခံ ခိုအောင်းခွင့်ပေးမှုအတွက် ဗင်နီဇွဲလားကို ကိုလံဘီယာ ပြစ်တင်
Photo: :AFP

ဇန်နဝါရီလ ၄ ရက်

ဗင်နီဇွဲလားရဲ့ မာဒူရိုအစိုးရဟာ ကိုလံဘီယာသူပုန်တွေကို ယင်းရဲ့ နယ်နိမိတ်ထဲမှာ လက်သင့်ခံကာ ထောက်ပံ့ပေးနေတယ်ဆိုပြီး ကိုလံဘီယာသမ္မတ အိုင်ဗန် ဒူကေးက ဇန်နဝါရီ ၃ ရက်မှာ ပြစ်တင် ပြောကြားလိုက်ပါတယ်။

ဗင်နီဇွဲလားနဲ့အကြား ကိုလံဘီယာရဲ့ နယ်စပ်ဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြိုင်ဘက် သူပုန်အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားပြီး လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ကိုလံဘီယာသမ္မတက အထက်ပါအတိုင်း ပြစ်တင်သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကိုလံဘီယာရဲ့ ပြိုင်ဘက်သူပုန်အဖွဲ့တွေအကြား တိုက်ပွဲအတွင်း သေဆုံးသူတွေထဲမှာ ဗင်နီဇွဲလား နိုင်ငံသား လေးဦးလည်း ပါတယ်လို့ သိရပါတယ်။

ကိုလံဘီယာရဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ ပြောက်ကျားအဖွဲ့ ELN ရဲ့ အဖွဲ့ဝင်တွေနဲ့ FARC သူပုန်လှုပ်ရှားမှုရဲ့ အစိုးရနဲ့ သဘောကွဲလွဲသူတွေအကြား တိုက်ခိုက်မှုတွေဖြစ်ခဲ့တာဖြစ်ပါတယ်။ ယင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူတွေထဲမှာ အရပ်သားတွေလည်း ပါဝင်ခဲ့ဖွယ် ရှိနေတယ်လို့ ကိုလံဘီယာသမ္မတက ပြောပါတယ်။

နိုင်ငံ အရှေ့မြောက် အေရော်ကာ နယ်မြေရဲ့ ကျေးလက် ဧရိယာတစ်ခုမှာ သေဆုံးသူ ၂၃ ဦးကို တွေ့ရှိခဲ့တယ်လို့ ကိုလံဘီယာ ဒုကာကွယ်ရေးဝန်ကြီး ဂျိုင်ရို ဂါစီယာက ပြောပါတယ်။

တချိန်တည်းမှာလည်းပဲ နှစ်နိုင်ငံ အကြား ကီလိုမီတာ ၂,၂၀၀ (မိုင် ၁,၄၀၀) အရှည်ရှိ နယ်စပ်ရဲ့ ဗင်နီဇွဲလားဘက်ခြမ်းမှာ ကိုလံဘီယာသူပုန်တွေကို ခိုလှုံခွင့်ပေးထားမှုအတွက် ဒူကေးက ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုကို ပြစ်တင်ပြောကြားခဲ့ပါတယ်။

"အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (ELN) တပ်သားတွေနဲ့ FARC ရဲ့ ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မခံပယ်ချခဲ့တဲ့ အစိုးရနဲ့သဘောကွဲသူတွေတွေဟာ ဗင်နီဇွဲလား နယ်နိမိတ်ထဲမှာ သဘောရှိ လှုပ်ရှားနေပါတယ်၊  သူတို့တွေကို အာဏာရှင်ဆန်တဲ့ အစိုးရက ခွင့်ပြုပြီး အကာအကွယ်ပေးထားတာဖြစ်ပါတယ်" လို့ ကိုလံဘီယာ သမ္မတက ပြောသွားခဲ့ပါတယ်။

သူပုန်တပ်ဖွဲ့ဝင်တွေကို ခိုလှုံခွင့်ပေးထားတယ်ဆိုပြီး ကိုလံဘီယာက ယင်းရဲ့အိမ်နီးချင်းနိုင်ငံကို မကြာခဏဆိုသလို စွပ်စွဲပြောကြားမှုတွေ ထုတ်ဖော်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly