တမူးမြို့တွင် ပျူစောထီး အချင်းချင်း ပစ်ခတ်၍ ၁ ဦးသေ

တမူးမြို့တွင် ပျူစောထီး အချင်းချင်း ပစ်ခတ်၍ ၁ ဦးသေ

ဇန်နဝါရီလ ၄ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ပျူစောထီးများ မူးယစ်သောက်စားပြီး အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရာ တစ်ဦး သေဆုံးသွားကြောင်း ဒေသခံက ပြောသည်။

“သူတို့ ပျူတွေ လူစုပြီး သေနတ်မျိုးစုံနဲ့ ပြည်သူတွေကို ပစ်သတ်ဖို့ လုပ်ကြတာမှာ လူတွေမတွေ့တော့ သောက်စားပြီး စကားများကြလို့ အဲလိုဖြစ်သွားတာလို့ ကြားတယ်” ဟု တမူးဒေသခံက ပြောသည်။

နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပျူစောထီးများ စုရုံးပြီး လက်နက်ပေါင်းစုံ ကိုင်ဆောင်ကာ ည ၁၂ ရီ နောက်ပိုင်း အပြင်တွင် တွေ့သည့်လူ အကုန်ပစ်သတ်မည်ဟုဆိုကာ မြို့တွင်းသို့ လှည့်လည်ခဲ့ကြောင်း ပျူစောထီးများနှင့် နီးစပ်သည့် ၎င်းဒေသခံက ပြောသည်။

မြို့တွင်း၌ ပြည်သူများကို မတွေ့ရသောကြောင့် အရက်သောက် စကားများရာက သေနတ်ဖြင့် ပစ်ခတ်မိပြီး တမူးမြို့စော်ဘွား (၇) ရပ်ကွက်နေ ကိုအဲမင်း (၄၄) နှစ် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ကိုအဲမင်းအား တမူးမြို့မှ ကလေးဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ အခြေအနေ မကောင်းသည့်အတွက် နေပြည်တော်သို့ ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးခဲ့ကြောင်း ဇန်နဝါရီလ ၃ ရက်နေ့က တမူး သုဿန်တွင် သင်္ဂြိုလ်ခဲ့ကြောင်း တမူးဒေသခံက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly