အိုင်အက်စ်မြို့တော်က ရဲရဲတောက် အမျိုးသမီးဂျာနယ်လစ်

အိုင်အက်စ်မြို့တော်က ရဲရဲတောက် အမျိုးသမီးဂျာနယ်လစ်

ဝါရှင်တန်၊ ဇန်နဝါရီ - ၈ ။            ။ အိုင်အက်စ်အကြမ်းဖက်အုပ်စုက မိမိတို့ဖာသာ သတ်မှတ်ထားသည့် မြို့တော် ရက်ကာမှ ဘဝများအကြောင်း သတင်းအရင်းမြစ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီး ပုဂ္ဂလိက ဂျာနယ်လစ်တစ်ဦးကို အကျဉ်းရုံး သုတ်သင်ကွက်မျက်လိုက်ပြီဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။

အသက်အန္တရာယ်ကြောင့် အမည်မဖော်လိုသည့် တူရကီတွင်ပုန်းအောင်းနေသူ ဆီးရီးယားတက်ကြွလှုပ်ရှားသူ၏ ပြောကြားချက်အရ ရူကီရာ ဟက်ဆန် သေဆုံးသွားသည့် သတင်းမှာ ယခုရက် သတ္တပတ်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး၊ သူမကို အိုင်အက်စ်အကြမ်းဖက်အုပ်စုက လွန်ခဲ့သော ၆လက ဖမ်းဆီးခဲ့ကာ၊ လွန်ခဲ့သည့် ၃လက ကွက်မျက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သူမ သေဆုံးချိန်တွင် ဟက်ဆန်၏ မိသားစုမှာ ရက်ကာတွင် နေထိုင်နေဆဲဖြစ်သော်လည်း ထို့နောက်တွင် နိုင်ငံ၏ အခြားအစိတ်အပိုင်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

အသက် ၃၀အရွယ်ရှိ ဟက်ဆန်ကို အွန်လိုင်းတွင် နစ်ဆန်း အီဗရာဟင်ဟု သိထားကြသည်။ ဟက်ဆန်မှာ မည်သည့်အဖွဲ့အစည်း အုပ်စုနှင့်မျှ ချိတ်ဆက်ထားခြင်းမရှိသော်လည်း ရက်ကာမှ အခြေအနေအဖြစ်အပျက် သတင်းများကို အခြား ပြည်နှင်ခံတက်ကြွလှုပ်ရှားသူများထံသို့ ပေးပို့နေခဲ့သည်ဟု ဆိုသည်။

တက်ကြွလှုပ်ရှားသူ စောင့်ကြည့်အုပ်စု Raqqa Is Being Slaughtered Silently က ဇူလိုင်လက ဟက်ဆန်၏ နောက်ဆုံး ဖေ့စ်ဘုတ် မှတ်ချက်စကားဟု ယူဆရသည်ကို စကင်ရှော့ရိုက်၍ လိုင်းတင်ခဲ့သည်။

အဆိုပါ မှတ်ချက်တွင် ဟက်ဆန်က သူမ ရက်ကာတွင် ရှိနေကြောင်းနှင့် သူမကို အိုင်အက်စ်အကြမ်းဖက်အုပ်စုက မည်သည့်အချိန်တွင် ဖမ်းဆီးသတ်ဖြတ်မည့်အကြောင်းများ ပါဝင်နေသည့် ခြိမ်းခြောက်မှု များကို လက်ခံရရှိနေကြောင်း ရေးသားထားသည်ဟု ဆိုသည်။

‘သူတို့က ကျမခေါင်းကို ဖြတ်မယ်ဆိုလို့ အိုကေပါတယ်။ ကျမမှာ လူသားဂုဏ်သိက္ခာရှိတယ်။ အိုင်အက်စ်တွေ လက်အောက်မှာ အရှက်တကွဲအကျိုးနည်း နေရတာနဲ့စာရင် သေတာက ပိုကောင်းပါတယ်’ဟု သူမက ရေးသားထားသည်။

ဟက်ဆန်မှာ အလက်ပိုတက္ကသိုလ်သို့ တက်ရောက်ကာ၊ ဒဿနိကဗေဒကို လေ့လာခဲ့ပြီး နောက်ပိုင်းတွင် ရက်ကာရှိ သမ္မတအာဆတ်၏ အတိုက်အခံများနှင့် ပူးပေါင်းခဲ့သည်ဟု ဆိုသည်။ အိုင်အက်စ် အကြမ်းဖက်အုပ်စုက ထိုနယ်မြေကို သိမ်းပိုက်လိုက်ပြီးနောက်တွင်လည်း မြို့တော်ကို စွန့်ခွာသွားရန် ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

ဟက်ဆန်မှာ အိုင်အက်စ်အဖွဲ့၏ ကွက်မျက်မှုခံရသည့် ပထမဆုံးသော အမျိုးသမီး နိုင်ငံသားဂျာနယ်လစ်တစ်ဦးဖြစ်သည်ဟု အချို့က ယုံကြည်နေကြသော်လည်း ရက်ကာအဖွဲ့ချုပ်ကမူ သူမမှာ အလားတူ ကံကြမ္မာမျိုး ကြုံတွေ့ရသည့် ပထမဆုံး အမျိုးသမီး တက်ကြွလှုပ်ရှားသူမဟုတ်ဟု ပြောကြားသည်။

ဟက်ဆန်မှာ မည်သည့်အဖွဲ့အစည်းအုပ်စုနှင့်မှ မပတ်သက်ဘဲ သီးခြားလှုပ်ရှားသူဖြစ်ကာ၊ ခြောက်ကပ်ကပ်ဟာသ၊ နေ့စဉ်အတွေးများ၊ အနာဂတ်မျှော်လင့်ချက်များ တင်းကြမ်းပြည့်နေသည့် သတင်းစကားများကို ဖေ့စ်ဘုတ်တွင် လိုင်းတင်နေခဲ့သူပင်ဖြစ်သည်။

အိုင်အက်စ်တို့က WiFi နေရာများကို ဖြိုခွင်းလာသည့်အခါတွင်လည်း ဆက်လုပ်ပါ။ အင်တာနတ်ကို ဖြတ်တောက်ပါ။ ငါတို့ရဲ့ စာပို့ခိုတွေက ပြစ်တင်ညည်းညူနေမှာ မဟုတ်ပါဘူးဟု ရေးသားခဲ့သည်ဟု စီအင်အင်က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly