တရုတ်နိုင်ငံ၏ စီးပွားရေး ၂၀၂၂ ခုနှစ်တွင် တိုးတက်မှုနှုန်းသိသာစွာ နှေးကွေးမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

တရုတ်နိုင်ငံ၏ စီးပွားရေး ၂၀၂၂ ခုနှစ်တွင် တိုးတက်မှုနှုန်းသိသာစွာ နှေးကွေးမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံသည် Omicron ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲမှ အစပြု၍ ဆိုးရွား သော အိမ်ခြံမြေကဏ္ဍကျဆင်းမှုအထိ များပြားလာသော အခက်အခဲများကိုရင်ဆိုင်နေရစဉ်တွင် ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ စီးပွားရေးသည် မျှော်လင့် အားရဖွယ်မရှိပေ။ 

တရုတ်နိုင်ငံ၏ GDP သည် လွန်ခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၈ ရာခိုင်နှုန်း တိုးလာမည်ဟု ကမ္ဘာ့ဘဏ်က မျှော်လင့်ထားခြင်းသည် ယခင်ခန့်မှန်းချက်ထက် လျော့ကျနေသည်။

တရုတ်နိုင်ငံသည် ယခုနှစ်တွင် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က အောက်တိုဘာလတွင် ခန့်မှန်းခဲ့သလို ဇွန်လကလည်း ၈ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းခဲ့ကြောင်း CNN က ဆိုသည်။

“တရုတ်ရဲ့ စီးပွားရေးအလားအလာအတွက် အကျဘက်က ပိုများလာတယ်” ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ ထို့အပြင် တရုတ်အာဏာပိုင်များသည် ဘဏ္ဍာရေးမူဝါဒကို ဖြေလျှော့ရန်နှင့် ဒုက္ခရောက်နေသော ကုမ္ပဏီများများထံမှ အန္တရာယ်ကူးစက်မှုကို တားဆီးရေးအတွက် ငွေပေါ်လွယ်မှုကို ထောက်ပံ့ပေးရန် အဆင်သင့်ဖြစ်နေသင့်သည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။

တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် တိုးတက်မှုနှုန်းကို မှတ်တမ်းတင်နိုင်ခဲ့သည့် တစ်ခုတည်းသော အဓိကစီးပွားရေးနိုင်ငံဖြစ်သော်လည်း ယခုနှစ်တွင် ကပ်ရောဂါနှင့်ဆက်နွှယ်သော ကန့်သတ်ထိန်းချုပ်မှုများ၊ စွမ်းအင်အကျပ်အတည်းနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို မကြုံစဖူး နှိပ်ကွပ်ခြင်းအပါအဝင် တိုးချဲ့လုပ်ဆောင်မှုများအတွက် ခြိမ်းခြောက်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ စီးပွါးရေး ခေါင်းခဲစရာများ တိုးလာခြင်းက ပေကျင်းအား ၎င်း၏ မူဝါဒဆိုင်ရာနည်းလမ်းကို ပြန်လည်စဉ်းစားစေခဲ့သည်။

ယခုလအစောပိုင်းက ပြုလုပ်ခဲ့သည့် အဓိကစီးပွားရေးအစည်းအဝေးတစ်ခုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အခြားထိပ်တန်းခေါင်းဆောင်များက ၂၀၂၂ ခုနှစ်အတွက် ၎င်းတို့၏ထိပ်တန်းဦးစားပေးအဖြစ် တည်ငြိမ်မှု ကို အမှတ်အသားပြုခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

အခြားတစ်ဖက်တွင် တရုတ်ပြည်သူ့ဘဏ်က အိမ်ထောင်စုများနှင့်လုပ်ငန်းများအတွက် ချေးငွေ ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် စားသုံးသူအသုံးစရိတ်နှင့်ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန် မျှော်လင့်လျှက် လပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ဖြစ် အဓိကအတိုးနှုန်းကို ဒီဇင်ဘာ ၂၀ ရက်က လျှော့ချခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဗဟိုဘဏ်သည် ဘဏ်အများစုအတွက် အပ်ငွေလိုအပ်ချက်အချိုးကို ရာခိုင်နှုန်းတစ်ဝက် လျှော့ချပေးခဲ့ခြင်းကြောင့် စီးပွားရေးနှင့် အိမ်သုံးချေးငွေများအတွက် ယွမ် ၁ ဒသမ ၂ ထရီလီယံ (ဒေါ်လာ ၁၈၈ ဘီလီယံ) ခန့်ကို ထုတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း CNN က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly