ပုလောမြို့နယ်တွင် PDFနှင့် ပျူစောထီးအဖွဲ့တိုက်ပွဲဖြစ်ပွား

By ကိုရွှေမြိတ်
04 January 2022
ပုလောမြို့နယ်တွင် PDFနှင့် ပျူစောထီးအဖွဲ့တိုက်ပွဲဖြစ်ပွား

ဇန်နဝါရီ ၄

​​တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ​ပုလောမြို့နယ်တွင် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းအချိန်က ကဒဲကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့်ပျူစောထီးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး အဖွဲ့၀င် တစ်ဦးသေဆုံးကာ တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တိုက်ပွဲကို ပုလောမြို့နယ်၊ ကဒဲရွာတွင် ပျူစောထီးများ နေထိုင်သည့် ​ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်‌ ကြောင်း၊ ပျူစောထီဆိုသူများမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲမှာ ယနေ့ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် ချိန်တွင် ထိတွေ့မှုစတင်ဖြစ် ပွားကာ ကဒဲရွာတွင် နေထိုင်သည့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးလွင်ဦးဆိုသူ သေနတ် ဒဏ်ရာရရှိကာ သေဆုံးခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထိုအပြင် သေဆုံးသူ ဦးလွင်ဦးရဲ့ သမက်တော်စပ်သူလည်း သေနတ်ဒဏ်ရာ ထိမှန်ခဲ့ပြီး ပလတိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

"ဦးလွင်ဦးဆိုတဲ့ သူက သေသွားပါတယ် အခုဆိုရင် တိုက်ပွဲဖြစ်တဲ့ နေရာမှာ အခြေအနေ တင်းမာနေပါတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲတွင် PDF ပူးပေါင်း အဖွဲ့ဘက်မှလည်း ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရသူရှိကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF) က ပြန်ကြားရေးတာဝန်ရှိသူကပြော သည်။

ထိတွေ့တိုက်ပွဲ၌ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အပေါင်းပါ ပျူစောထီး ဆိုသူတို့ ကိုင်ဆောင်သော သေနတ်တစ်လက်နဲ့ ဗုံးသီးတစ်လုံးကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly