မြို့ငယ်လေးကို ပျက်စီးသွားစေသည့် သြစတြေးလျတောမီး၊ နောက်ထပ်မြို့အချို့ကို ခြိမ်းခြောက်နေ

မြို့ငယ်လေးကို ပျက်စီးသွားစေသည့် သြစတြေးလျတောမီး၊ နောက်ထပ်မြို့အချို့ကို ခြိမ်းခြောက်နေ

ယာလူး၊ ဇန်နဝါရီ ၈ ။            ။ အနောက်သြစတြေးလျတွင် မြို့ငယ်လေးတစ်ခုကို ပျက်စီးစေသည့် ကြီးမားသည့်တောမီးလောင်မှုကို ယခုအချိန်အထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။ ပါ့သ်မြို့၏ တောင်ဘက် ယာလူးရှိ အိမ် ၉၅လုံးခန့်မှာ ပျက်စီးသွားခဲ့ပြီး လူသုံးဦးမှာလည်း ပျောက်ဆုံးနေသည်။

ဝါရူးနာမီးဟု အမည်ပေးထားသည့် မီးလောင်မှုမှာ တစ်နာရီလျင် ကီလိုမီတာ ၆၀နှုန်းတိုက်ခတ်သည့်လေကြောင့် ပိုမိုဆိုးဝါးလာကာ မီးတောက်များမှာ မီတာ ၅၀အထိမြင့်နေသည်။ မီးလောင်သည့် ဧရိယာမှာ ဟက်တာ ၅၈,၀၀၀အထိရှိနေပြီး အရေးပေါ်သတိပေးချက်များကို ပရက်စတန်ကမ်းခြေအပါအဝင် ဝါရူးနာ၊ ဟာဗေးနှင့် အနီးတစ်ဝိုက်ဧရိယာများအတွက် ထုတ်ပြန်ထားသည်။ မီးလောင်မှုကြောင့် ယာလူးကို အဆုံးသတ်သွားစေနိုင်သည်ဟု ဒေသခံနိုင်ငံရေးသမားတစ်ဦးက ဘီဘီစီသို့ ပြောသည်။

ယာလူးတွင် လောင်နေသည့်မီးမှာ ပြင်းထန်လွန်းသဖြင့် ကိုင်တွယ်ရန် ခက်ခဲနေကြောင်း အနောက်သြစတြေးလျမီးသတ်မင်းကြီး ဝိန်းဂရက်ဆင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ မီးသတ်သမားလေးဦးမှာ မီးငြိမ်းသတ်ရင်း ဒဏ်ရာများရရှိခဲ့ပြီး မီးသတ်ယာဉ်တစ်စီးပျက်စီးသွားသည်ဟု ၎င်းကပြောသည်။ ဒေသစံတော်ချိန် နံနက် ၁၀နာရီခန့်တွင် မီးလောင်ပြင်၏မြောက်ဘက် ပင်ဂျာရာမြို့ကိုလည်း ကြီးမားသည့် မိုးကြိုးမုန်တိုင်းကြီးတစ်ခုက တိုက်ခတ်နေခဲ့သည်။

ယင်းမြို့တွင် မိုးကြိုးပစ်မှုကြောင့် အသက် ၅၀ကျော်အမျိုးသားကြီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လျပ်စစ်ဓါတ်အားများပြတ်တောက်ခဲ့သည်ဟု သတင်းများက ဆိုသည်။ မုန်တိုင်းမှာ မီးလောင်ရာသို့ ဦးတည်နေပြီး မိုးသည်းထန်မှုကြောင့် သက်သာရာရနိုင်သော်လည်း မိုးကြိုးပစ်မှုများကြောင့် နောက်ထပ်မီးလောင်မှုများဖြစ်ပေါ်လာနိုင်သည်။

မီးလောင်မှုက ဆိုးဝါးနေပြီး လေပြင်းများနှင့် အတူ မီးလုံးကြီးများ တစ်လုံးပြီးတစ်လုံး တောက်လောင်လျက်ရှိသည်ဟု ယာလူးဒေသခံ အဲလက်စ်ဂိုဗန်နိုဗစ်ချ်က သြစတြေးလျ၏ အေဘီစီရုပ်သံသို့ပြောသည်။ အခြေအနေများက ပြောရန်အလွန်ခက်ခဲပြီး လေပြင်းများကလည်း ဇန်နဝါရီ ၈ တွင် တစ်နာရီလျင်ကီလိုမီတာ ၆၀ ခန့်အထိတိုက်ခတ်သည်ဟု မျှော်လင့်ရကြောင်း မိုးလေဝသဗျူရို (BoM)မှ ပြောခွင့်ရအမျိုးသားတစ်ဦးက ပြောသည်။

မိုးကြိုးမုန်တိုင်းများနှင့် ပင်လယ်လေပြင်းများကြောင့် အခြေအနေကို နောက်ထပ်မခန့်မှန်းနိုင်အောင် ဖြစ်နေပြီး မီးမှာ ဦးတည်ရာအသစ်များဘက်သို့ ရွေ့သွားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly