ချာလီဟက်ဘဒို နှစ်ပတ်လည်နေ့တွင် ဓားကိုင်တိုက်ခိုက်သူကို ပါရီရဲက ပစ်သတ်ခဲ့ရ

ချာလီဟက်ဘဒို နှစ်ပတ်လည်နေ့တွင် ဓားကိုင်တိုက်ခိုက်သူကို ပါရီရဲက ပစ်သတ်ခဲ့ရ

ပါရီ၊ ဇန်နဝါရီ - ၈ ။            ။ ဇန်နဝါရီလ ၇ ရက်နေ့က ကျရောက်သည့် ချာလီဟက်ဘဒို တိုက်ခိုက်မှု နှစ်ပတ်လည်နေ့တွင် ဓားကိုင်ရမ်းကားနေသူ အမျိုးသားတစ်ယောက်ကို ရဲက ပစ်သတ်ခဲ့ရရာ ဂျီဟတ်အကြမ်းဖက်မှုများ၏ တစ်နှစ်တာ ကုန်လွန်ခါနီးတွင် ပါရီမြို့ကြီးမှာ အထိတ်တလန့်ဖြစ်ရပ်အသစ်တစ်ခုကို ရင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။

ပါရီအစိုးရရှေ့နေရုံး၏ ထုတ်ပြန်ချက်တွင် ပြောကြားချက်အရ အဆိုပါ အမျိုးသား၏ ခန္ဓာကိုယ်ပေါ်တွင် အိုင်အက်စ်အလံပုံ ရိုက်နှိပ်ထားသည့် စက္ကူနှင့်အတူ တိုက်ခိုက်မှုအတွက် ၎င်း၏ လက်ချက်ဖြစ်ကြောင်း အာရပ်ဘာသာဖြင့် ရေးသားထားသည့် စာကိုပါ တွေ့ကြရရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှ စုံစမ်းစစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။

မည်သူမည်ဝါမသိရသေးသည့် ထိုအမျိုးသားက သားလှီးဓါးကို ကိုင်ဆောင်ကာ ‘အာလာလူ အက္ကဘာ’ဟု အော်ဟစ်လျှက် ပါရီမြောက်ပိုင်း ဘာဘက်စ်ဧရိယာအတွင်းရှိ ရဲစခန်းတစ်ခုအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားစဉ် အပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုအမျိုးသားက သူနှင့်အတူ ဗုံးအတုတစ်ခုကိုလည်း သယ်ဆောင်လာခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်သူမှာ မည်သူမည်ဝါဖြစ်သည်၊ ဘာ့ကြောင့်တိုက်ခိုက်ရသည်ကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနတ် ကေဇင်နုက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

‘ခြိမ်းခြောက်မှုအန္တရာယ် အလွန်မြင့်မားနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ရဲနဲ့ အရံတပ်ဖွဲ့တွေဟာ ရှေ့တန်းမှာ ရှိနေကြပါတယ်။ သူတို့ရဲ့ သတ္တိ၊ ပြင်သစ်ပြည်သူတွေကို ကာကွယ်မယ်ဆိုတဲ့ သန္နိဌာန်ကို ကျေးဇူးတင်ပါတယ်’’ဟု ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၁၂လလုံးလုံး ပြင်သစ်မြို့တော် ပါရီကို ကိုင်လှုပ်ခဲ့သည့် ဂျီဟတ်တိုက်ခိုက်မှုများ၏ အစဖြစ်သည့် ချာလီဘက်ဘဒိုသတ်ဖြတ်မှု နှစ်ပတ်လည်နေ့ နံနက် ၁၁: ၃၀တွင် ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်သည်။

အစ္စလာမ်ဘာသာကို သရော်လှောင်ပြောင်စွာ တမန်တော် မိုဟာမက်၏ ကာတွန်းပုံများကို ပုံနှိပ်ဖော်ပြမှုကြောင့် အစ္စလာမ်ဘာသာဝင်များ ဒေါသထွက်ခဲ့ကြရသည့် ပြင်သစ် ဟာသမဂ္ဂဇင်း ချာလီ ဟက်ဘဒို ရုံးခန်း တိုက်ခိုက်ခံရမှုတွင် သေနတ်သမားနှစ်ဦးက လူ၁၂ဦးကို သတ်ဖြတ်ပစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly