ဧရာဝတီတိုင်းတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုနှင့် မကြာခဏမီးပြတ်မှု အကြိမ်ရေပိုများလာ

ဧရာဝတီတိုင်းတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုနှင့် မကြာခဏမီးပြတ်မှု အကြိမ်ရေပိုများလာ

ဇန်နဝါရီလ ၃ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုမှာ စစ်ကောင် စီအာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးမကြာခဏ​ပြတ်တောက်သည့်အပြင် အချိန်ကြာမြင့်စွာမီးပြတ်သည်ကိုလည်း ကြုံတွေ့နေရကြောင်း ဒေသခံမှ သိရသည်။

နေ့စဉ် ၁၂နာရီခန့်အထိ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပွားနေပြီး သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများကို ဆက်သွယ်မေးမြန်းရာတွင်လည်း ဖြေရှင်းချက်ပေးနိုင်ခြင်း မရှိဘဲ ဖုန်းများပိတ်ထားကြောင်း သိရသည်။

“ညဆို ၉နာရီလောက် တစ်ခါတလေ ၁၂လောက်မှပြန်လာတယ် မနက်ဆို ၅နာရီမထိုးဘူး ပျက်နေပြီ ၇နာရီလောက်ကျ ခဏလာပြီး ပြန်ပျက်တယ် တစ်နေကုန် ခဏလာလိုက် အကြာကြီးပျက်လိုက်ပဲ မီးလာချိန်မှာ ရေတင်ဖို့တောင် အမြန်လုပ်ယူရတယ် ကျန်တဲ့အလုပ်တွေ မလုပ်ရတော့ဘူး၊ အလှည့်ကျပေးနေတာလည်း မဟုတ်ဘူး လာကိုမလာတာ၊ အလုပ်တွေတော်တော်များများက မီးကြောင့်ပဲ ရွှေ့ရဖျက်ရတာတွေဖြစ်နေတယ် EPCရုံးကိုဖုန်းဆက်ရင်လည်း ဖုန်းပိတ်ထားတယ် ဖြစ်နေတာ နှစ်ပတ်ကျော်ပြီ”ဟု ပုသိမ်မြို့ဒေသခံတစ်ဦးကပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဝါးစွာဖြစ်ပေါ်နေသော်လည်း လျှပ်စစ်မီတာခများကို တိုးမြှင့်ကောက်ခံနေပြီး မီတာခမပေးဆောင်သူများကို ဖိအားပေးတောင်းခံနေကြကြောင်း ၎င်းကပြောသည်။

“အဓိကလိုက်ပြီးတော့ ပြဿနာရှာတာက ဆန်စက်တွေနဲ့ စက်မှုဇုံတွေကို မီတာခအတင်းလိုက်တောင်းတာ မီးဖြတ်ချတာတင်မက ဖမ်းမယ်ဆီးမယ်လုပ်လာတော့ ဆောင်လိုက်ကြရတယ်၊မီတာခကျတော့လည်း နောက်ပိုင်းတောင်းတာတွေမှာ ပုံမှန်သုံးနေတာထက်ပိုပိုနေတယ် ပြောတော့လဲ ရှင်းမပေးဘူး၊ မီးပျက်တာကတော့

အလွန်အကျွံကိုဖြစ်နေပြီ အလုပ်လုပ်ရမဲ့အချိန် မီးမလာဘူး ညဖက်အိပ်ချိန်မှ မီးလာတော့ တစ်နေကုန် အလုပ်မလုပ်ရဘူး၊ ဒီကောင်တွေက လုပ်ချင်တော့ သမ္မတ၊လုပ်နေတော့ သူတောင်းစားတွေ”ဟု ပုသိမ်စက်မှုဇုံအတွင်း အလတ်စားစက်မှုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

မဇ္ဈိမက စုံစမ်းသိရှိရသည့် အချက်အလက်များအရဧရာဝတီတိုင်းအတွင်း ပုသိမ်မြို့အပြင် မြောင်းမြ၊ ငပုတော၊ လပွတ္တာ၊ အိမ်မဲ၊ ကျောင်းကုန်း စသည့်မြို့နယ်များအပြင် မြို့နယ် ၂၆ခုလုံးမှာ ဆိုးဝါးစွာ လျှပ်စစ်မီးပြတ်တောက်မှုကို ကြုံတွေ့နေရတာဖြစ်ပြီး မီးပျက်တောက်မှုတွေအတွက် မြို့နယ်လျှပ်စစ်ရုံးများက ကြိုတင်အသိပေးခြင်းနှင့် ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်းမရှိကြောင်း ဒေသခံထံမှ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly