ခရမ်းမြို့တွင် စစ်တပ်က တန်ဖိုးကြီးဆိုင်ကယ်များကို ဖမ်းပြီး လေလံတင်ရောင်းဟု ဒေသခံများပြော 

ခရမ်းမြို့တွင် စစ်တပ်က တန်ဖိုးကြီးဆိုင်ကယ်များကို ဖမ်းပြီး လေလံတင်ရောင်းဟု ဒေသခံများပြော 

ဇန်နဝါရီလ ၃ရက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က တန်ဖိုးကြီး ဆိုင်ကယ်များကို ဖမ်းဆီးပြီး ရဲစခန်းအတွင်း လေလံတင် ရောင်းချမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။ 

“ဆိုင်ကယ်တွေက သိန်း ၂၀ အထက် ဘီးတွေကိုပဲ ဖမ်းတယ်။ ပြီးတော့ လုံးဝ ပြန်ရွေးလို့ မရတော့ဘူး လို့လည်း ပြောတယ်။ ဒါပေမဲ့ သတင်းတွေ ကြားနေတာက ရဲစခန်းထဲမှာ ဆိုင်ကယ်တွေကို ပြန်ပြီး လေလံတင်တယ်လို့ ပြောတယ်။ အဲ့ဒါကလည်း သူတို့ထဲက လူတွေ ဆီကပဲ သိရတာ” ဟု ခရမ်းဒေသခံ တစ်ဦးက ပြောသည်။ 

ကလစ်ဘီးနှင့် ပီစီအိတ်စ် အမျိုးအစား တန်ဖိုးကြီး ဆိုင်ကယ်များကိုသာ ရွေးချယ် ဖမ်းဆီးနေခြင်း ဖြစ်ပြီး တရုတ်ဘီးနှင့် ဟောင်းနွမ်းနေသည့် ဆိုင်ကယ်များကို ဖမ်းဆီးခြင်း မရှိဟုလည်း ဒေသခံက ပြောသည်။ 

၎င်းတို့သည် နေရာ အတည်တကျဖြင့် ဖမ်းဆီးခြင်း မဟုတ်ဘဲ ခရမ်းမြို့အတွင်း ကားတစ်စီးဖြင့် လှည့်လည်ကာ ကြုံသည့်နေရာတွင် ဆိုင်ကယ်လိုင်စင် ၊လူလိုင်စင် စစ်ဆေးပြီးနောက် အပြစ်ရှာ ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

“ဆိုင်ကယ် အဖမ်းခံထားရတဲ့ သူတစ်ယောက်ဆို လိုင်စင်မေးတယ်။ မရှိတော့ သိမ်းသွားတယ်။ ပြီးတော့ ဘာမှ ဆက်သွယ် မရတော့ဘူး။ လိုက်လံ ဖမ်းဆီးတဲ့ အချိန်မှာလည်း စစ်သားနဲ့ ရဲပဲ ပါတယ် ”ဟု ဒေသခံ တစ်ဦးက ပြောသည်။ 

ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း  အကြမ်းဖက် စစ်တပ်က ဆိုင်ကယ်အစီး ၂၀ ခန့်ကို အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီး သိမ်းယူခဲ့ပြီး ထိုနေ့ ညတွင် ပြည်သူများထံက သိမ်းယူထားသည့်  ဆိုင်ကယ် ရှစ်စီးဖြင့် မြို့အနှံ့ ကင်းလှည့်ကြကြောင်း ဒေသတွင်း မီဒီယာ Khayan Channel က ရေးသား ထားသည်။ 

ခရမ်းမြို့နယ်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံး ထိခိုက်မှု ဆက်တိုက် ရှိလာခဲ့ပြီးနောက် ဒီဇင်ဘာလ အစပိုင်းက စတင်ပြီး စစ်အင်အား တိုးမြှင့်ချထားသည်။ မြို့တွင်း မြို့ပြင် အဝင်အထွက် ပိတ်ဆို့ တင်းကျပ်မှုများ အပြင် ခရမ်းမြို့ပေါ်နေ ပြည်သူများကို  အင်အားသုံး ဖိနှိပ်မှုများ ဆက်တိုက် လုပ်ဆောင်လျက် ရှိနေကြောင်းလည်း ဒေသခံများထံက သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required