အရှေ့အလယ်ပိုင်းဒုက္ခသည်နှစ်ဦးကို အကြမ်းဖက်မှုစွဲချက်များဖြင့် အမေရိကန်တွင်ဖမ်းဆီး

အရှေ့အလယ်ပိုင်းဒုက္ခသည်နှစ်ဦးကို အကြမ်းဖက်မှုစွဲချက်များဖြင့် အမေရိကန်တွင်ဖမ်းဆီး

ဆက်ခရာမင်တို၊ ဇန်နဝါရီ ၈။           ။ လွန်ခဲ့သည့် သုံးနှစ်ကျော်က ဒုက္ခသည်များအဖြစ် အမေရိကန်သို့ ရောက်ရှိလာခဲ့သော အရှေ့အလယ်ပိုင်းမှ အမျိုးသားနှစ်ဦးကို နိုင်ငံတကာအကြမ်းဖက်မှုတွင် ပတ်သက်မှုဖြင့် ကယ်လီဖိုးနီးယားနှင့် တက္ကဆတ်ပြည်နယ်တို့တွင် ဗဟိုအစိုးရ၏ စွဲချက်များဖြင့် ဖမ်းဆီးခဲ့သည်ဟု အမေရိကန်အရာရှိများက ဇန်နဝါရီ ၇ တွင် ပြောသည်။

ဆက်ခရာမင်တိုနှင့် ဟူစတန်တို့တွင် ဖမ်းဆီးခဲ့သော ၎င်းအမျိုးသားနှစ်ဦးမှာ ကြံစည်မှုတစ်ခုတွင် ပတ်သက်ခဲ့ခြင်းမရှိသော်လည်း အချင်းချင်း အဆက်အသွယ်ရှိနိုင်သည်ဟု ယင်းအမှုနှစ်ခုနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောသည်။ ယင်းအမျိုးသားနှစ်ဦးစလုံးမှာ အီရတ်တွင် မွေးဖွားခဲ့သည့် ပါလက်စတိုင်းလူမျိုးများဖြစ်သည်။ ဟူစတန်တွင် ဖမ်းဆီးမိခဲ့သော အိုမာဖာရတ်ဆာအိအယ်လ်ဟာဒန် ဆိုသူအမျိုးသားသည် ၂၀၀၉ခုနှစ် နိုဝင်ဘာက ဒုက္ခသည်တစ်ဦးအဖြစ် အမေရိကန်သို့ ဝင်ရောက်ခဲ့သည်ဟု တရားရုံး၏ စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။

ဆက်ခရာမင်တိုတွင် ဖမ်းမိခဲ့သော အသက် ၂၃ နှစ်အရွယ် အောစ်မိုဟာမက်ယူးနစ်အယ်လ်ဂျာယက်သည် ဆီးရီးယားမှ ဒုက္ခသည်တစ်ဦးအဖြစ် ၂၀၁၂တွင် အမေရိကန်သို့ ရောက်ရှိခဲ့သည်။ ဟူစတန်တွင် ဖမ်းဆီးမှုပြုလုပ်ခဲ့ခြင်းမှာ တက္ကဆတ်သည် ဆီးရီးယားဒုက္ခသည်များကို ပိတ်ဆို့ရန်ကြိုးပမ်းနေခြင်းက အကြောင်းရင်းတစ်ခုဖြစ်သောကြောင့် ဖြစ်သည်ဟု ရီပတ်ဘလစ်ကင်တစ်ဦးဖြစ်သည့် တက္ကဆတ် ဒု-မြို့တော်ဝန် ဒန်ပက်ထရစ်က ပြောသည်။

"ဘာတွေဖြစ်လာနိုင်တယ်။ ဒုက္ခသည်တွေကို ဘာ့ကြောင့် တက္ကဆတ်ကို လာဖို့ ကျွန်တော်တို့ ဘာ့ကြောင့် မလိုလားသလဲဆိုတာ အိုဘားမားအစိုးရအဖွဲ့ကို ကျွန်တော်တို့ အကြိမ်ကြိမ်ပြောထားတဲ့ အတိုင်း အတိအကျဖြစ်တာပါ။ ဒီကနေ့ဖြစ်ပျက်နေတဲ့ အထောက်အထားတွေအရ ဒီလူတွေ ဘယ်သူလဲဆိုတာနဲ့ ပတ်သက်လို့ လေးနက်တဲ့ မေးခွန်းတွေရှိပါတယ်"ဟု ပက်ထရစ်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ဆီးရီးယားမှ ဒုက္ခသည်များ အမေရိကန်အတွင်းသို့ ဝင်ရောက်အခြေချခွင့်ပြုရေးအား သတိဖြင့်ဆောင်ရွက်ရန် ရီပတ်ဘလစ်ကင်ခေါင်းဆောင်များက ဒီမိုကရက်တစ်ဦးဖြစ်သူ သမ္မတဘားရက်အိုဘားမားကို တောင်းဆိုလျက်ရှိသည်။

အယ်လ်ဟာဒန်အား အိုင်အက်စ်စစ်သွေးကြွအုပ်စုသို့ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု၊ အမေရိကန်နိုင်ငံသားခံယူခွင့်ရရန် ကြိုးပမ်းစဉ် ယင်းအုပ်စုနှင့် ဆက်ဆံရေးအကြောင်း မှားယွင်းထွက်ဆိုမှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု ဟူစတန်ရှိ ပြည်ထောင်စုတရားရုံး၏ စွဲချက်တင်မှုတွင် ဖော်ပြထားသည်။

ကယ်လီဖိုးနီးယားတွင် အယ်လ်ဂျာယက်ကိုလည်း နိုင်ငံတကာအကြမ်းဖက်မှုနှင့် ပတ်သက်သည့် မှားယွင်းထွက်ဆိုမှုအတွက် စွဲချက်တင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်တရားရေးဋ္ဌာနက ပြောသည်။ အယ်လ်ဂျာယက်သည် အမေရိကန်တွင် တိုက်ခိုက်မှုတစ်စုံတစ်ရာပြုလုပ်ရန် စီစဉ်ထားသည့် လက္ခဏာများမရှိသေးဟု ဆက်ခရာမင်တိုမှ ရှေ့နေ ဘင်ဂျမင်ဝက်ဂ်နာက ပြောသည်။

ယခုဖမ်းဆီးမှုနှင့် ဆက်စပ်၍ လူထုအန္တရာယ်ကင်းရှင်းရေးကို လောလောဆယ် ခြိမ်းခြောက်မှုမရှိသေးကြောင်း ဝက်ဂ်နာ၏ ပြောခွင့်ရအမျိုးသမီး လော်ရင်ဟာဝုဒ်က ပြောသည်။

ဆီးရီးယားသို့ ပြန်လည်ခရီးထွက်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ လူမှုမီဒီယာတွင် အကြမ်းဖက်အုပ်စုများကို ထောက်ခံကြောင်းဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍လည်းကောင်း အယ်လ်ဂျာယက်သည် လိမ်လည်ခဲ့သည်ဟု ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်)က ပြောသည်။

အယ်လ်ဂျာယက်သည် လူမှုမီဒီယာနှင့် အခြားဆက်သွယ်မှုများတွင် ချေမှုန်းရေးရိုင်ဖယ်များ အသုံးပြုခြင်း၊ စစ်သွေးကြွများကို သင်တန်းပေးခြင်းတို့နှင့် ပတ်သက်ကာ ဂျီဟတ်စစ်ပွဲအကြောင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly