အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်က လက်နက်ခဲယမ်းများဖမ်းမိကြောင်း ထုတ်ဖော်

By ပါခွီး
03 January 2022
အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်က လက်နက်ခဲယမ်းများဖမ်းမိကြောင်း ထုတ်ဖော်

ဇန်နဝါရီ ၃

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်နမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်(Mizoram) ဆိုင်ဟား (Saiha) ခရိုင်၊ မော်ရှဲ (mawhre) ကျေးရွာတွင် ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းများဖမ်းမိကြောင်း အာသံရိုင်ဖယ်အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ ဇန်နဝါရီလ ၂ရက်နေ့ထုတ် အိန္ဒိယတူဒေး India Today သတင်းစာတွင် ဖော်ပြသည်။

ခိုင်လုံသောသတင်းအရ အာသံရိုင်ဖယ်တပ်နှင့် မီဇိုရမ် ရဲတို့ ပူးပေါင်း ဖမ်းဆီးမှုတွင် ဖောက်ခွဲရေးတွင်အသုံးပြုသည့်အရည် ၈၁ ကီလိုဂရမ်၊ ယမ်း ၉၄ ကီလိုဂရမ်၊ ယမ်းပျော့အတောင့် ၃၉၅ ကီလိုဂရမ်၊ တစ်လုံးထိုး ၇၀မမ ကျည်တောင့်များ၊ ခဲအက်ဆစ်ဘက်ထရီများနှင့် နိုင်ငံခြားထုတ် ဆက်သွယ်ရေးပစ္စည်းများ ဖမ်းဆီးရမိကြောင်းဆိုသည်။

ဒီဇင်ဘာ ၃၁ရက်နေ့က ဖမ်းဆီးရမိသော ပစ္စည်းများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားနိုင်ရန် မီဇိုရမ် ရဲတပ်ဖွဲ့သို့လွှဲပြောင်းပေးအပ်ခဲ့ ကြောင်းဖော်ပြထားသည်။

ယခုကဲ့သို့ စစ်ပွဲများတွင်အသုံးပြုနိုင်သည့် လက်နက်ခဲယမ်းများ တရားမဝင် သိုလှောင်ထားမှုသည် အိန္ဒိယမြန်မာနယ်စပ်ရှိ မီဇိုရမ်ပြည်နယ်အတွက် စိုးရိမ်မှု ဖြစ်စေကြောင်း အဆိုပါ စစ်တပ်အရာရှိမှ ပြောကြားခဲ့သည်။

ယခုခဲယမ်းများဖမ်းမိသော မော်ရှဲ mawhre ရွာသည် မြန်မာနိုင်ငံ ချင်းပြည်နယ် မတူပီမြို့နယ်နှင့် နီးစပ်သောရွာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly