နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စွပ်စွဲခံထားရသည့် အမှု ၁ မှု မနက်ဖြန်တွင် နှစ်ဖက်ရှေ့နေများ အပြီးသတ် လျှောက်လဲချက်ပေးမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စွပ်စွဲခံထားရသည့် အမှု ၁ မှု မနက်ဖြန်တွင် နှစ်ဖက်ရှေ့နေများ အပြီးသတ် လျှောက်လဲချက်ပေးမည်

ဇန်နဝါရီလ ၂ ရက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးရန် ကျန်ရှိနေသည့် သဘာဝဘေး ပုဒ်မ (၂၅)  အမှုတစ်မှုကို မနက်ဖြန် ဇန်နဝါရီလ ၃ ရက်တွင် နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက် ပေးမည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက မဇ္စျိမကို ပြောသည်။ 

အဆိုပါ အမှုကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အိုးဘိုအကျဉ်းထောင်အတွင်းမှ Video Conferencing ဖြင့် တရားခံပြ သက်သေ ထွက်ဆိုခဲ့ပြီး ထိုထွက်ဆိုချက်များက စွပ်စွဲခံရသူ အတွက် ရလဒ်ကောင်း ဖြစ်သည်ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူက ပြောသည်။  

“ဒေါ်အောင်ဆန်းကြည်နဲ့ အတူ သမ္မတဟောင်း ဦးထင်ကျော်ရယ် ၊ဒေါက်တာဇော်မြင့်မောင်ရယ် အားလုံးပေါင်း ခုနစ်ယောက်က နေပြည်တော် ရွှေကြာပင်က ပါတီ၀င် တစ်ဦးအိမ်ကိုသွားတာ။ နှာခေါင်းစည်းတွေ တပ်တယ်။ လက်အိတ်တွေ ဘာတွေ အကုန်စွပ်ပြီးတော့ COVID -19 စည်းကမ်းနဲ့ အညီ သွားကြတာတဲ့။  အများပြည်သူကို ဘာစည်းရုံးရေးမှ မဆင်းခဲ့ဘူးတဲ့။ စည်းနဲ့ကမ်းနဲ့ သွားတာ ပြဋ္ဌာန်းထားတဲ့ သဘာဝဘေး အန္တရာယ် တားဆီးရေး ပုဒ်မ ၂၅ နဲ့ ကိုက်ညီအောင် သွားတာလို့ ထွက်ဆိုခဲ့တယ် ” ဟု ဒေါက်တာဇော်မြင့်မောင် ထွက်ဆိုချက်နှင့် ပတ်သက်၍ ၎င်းက ဆိုသည်။ 

ထိုအမှုကို ဇန်နဝါရီလ ၃ ရက် ရုံးချိန်းတွင် နှစ်ဖက် ရှေ့နေများက အမှုနှင့် ပတ်သက်၍ ပြစ်ဒဏ် အမိန့် ချသင့်သည် (သို့မဟုတ်) တရားသေ လွှတ်သင့်သည် ဆိုသော လျှောက်လဲချက်များကို တရားသူကြီးထံ အပြီးသတ် လျှောက်လဲ ကြတော့မည် ဖြစ်သည်။ 

“တရားရုံး လုပ်ငန်းစဉ်က ရှေ့ဆက် ကြားနာဖို့ လုပ်မယ်။ စွပ်စွဲ ခံရသူဘက်က တရားသေလွှတ်ဖို့ လျှောက်လဲမယ်။ အစိုးရရှေ့နေ ဘက်က အပြစ်ပေးပါလို့ ပြောမယ်။ နောက်တစ်ချိန်းကျတော့ အမိန့်ချမယ်ပေါ့” ဟု ရှင်းပြသည်။ 

ထို့ပြင် လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ပို့ကုန် သွင်းကုန် ပုဒ်မ (၈) နှင့် ဆက်သွယ်ရေးပုဒ်မ (၆၇) နှစ်မှု အတွက် အပြီးသတ်အမိန့် ချမှတ်ရန် ရှိနေသည်။ 

ယင်းနှစ်မှုသည် အပြီးသတ်အမိန့် ချမှတ်ရန် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရုံးချိန်းကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၀ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် တစ်ကြိမ် ချိန်းဆို ခဲ့ပြီးနောက် ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်ကို ထပ်မံ ချိန်းဆိုထားခြင်း ဖြစ်သည်။ 

စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၁၂ ခု ဖြင့် မတရား အမှုဆင် စွဲဆိုခဲ့ကာ ပုဒ်မ နှစ်ခုအတွက် ပြစ်ဒဏ် ချမှတ် ခံထားရပြီး ဖြစ်သည်။ လက်ရှိတွင် ပုဒ်မ ၁၀ ခုအတွက် ဆက်လက် ရင်ဆိုင်ရန် ကျန်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required