သင်္ကန်းကျွန်း ဇဝနလျှပ်စစ်ရုံးအတွင်း ဗုံးပေါက်ကွဲ  

သင်္ကန်းကျွန်း ဇဝနလျှပ်စစ်ရုံးအတွင်း ဗုံးပေါက်ကွဲ  
ဓာတ်ပုံ - ပေါက်ကွဲမှုဖြစ်ပွားရာအနီး လေးထောင့်ကန်းလမ်းမကြီးပေါ်မှတွေ့ရစဉ်

ဇန်နဝါရီလ ၂ ရက်

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် ဇဝနလျှပ်စစ်ရုံးအတွင်း ဗုံးပေါက်ကွဲမှု ဇန်နဝါရီ ၂ရက် နံနက် ၇နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖောက်ခွဲမှုကို Area-21 Network အတွင်းရှိ မြို့ပြပြောက်ကြား အဖွဲ့ ဖြစ်သည့် Myanmar Defense Force – Yangonက ပြုလုပ်ခဲ့ကြောင်း ၎င်းတို့၏ Area-21လူမှုကွန်ရက်မှ ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် တစ်ဦးထိခိုက်ကျဆုံးနိုင်ပြီးအခြားသော ပျက်စီးမှုများ ရှိနိုင်ကြောင်း ရေးသားထားသည်ကိုလည်း တွေ့ရသည်။ 

ဒေသခံများ၏ ပြောဆိုချက်အရ လူထိခိုက်မှုမရှိကြောင်း သိရသည်။

“  ရုံးပိတ်ရက်လည်းဖြစ် လူတွေမရှိတဲ့အချိန်လည်းဖြစ်တော့ လူထိတာမရှိတာ”ဟု အဆိုပါအနီးအနားနေထိုင်သည့်ဒေသခံတစ်ဦးက ဆိုသည်။

မီတာလာဆောင်သော ပြည်သူများ ထိခိုက်မှုကို ရှောင်ကျဉ်လိုသောကြောင့် ရုံးပိတ်ရက်ကို ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း Area-21ကထုတ်ပြန်သည်။

သို့သော် “ အကြမ်းဖက် စစ်ကောင်စီအား ဝင်ငွေရှာဖွေပေးနေသော ဝန်ထမ်းများ နှင့် ကျည်ဆံဖိုး အခွန် ဆောင်နေသော ပြည်သူများ ထိခိုက်မှု့နှင့် အသက်အန္တရာယ်ကို လုံးဝအာမခံမည် မဟုတ်ပါ”ဟု သတိပေးထားသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည် ဇဝနလျှပ်စစ်ရုံး အတွင်းအရှေ့ဘက်မျက်နှာစာတွင် အစောင့် စစ်သားများရှိနေပြီး အတားအဆီးအနေဖြင့် ကြိုးများသဲအိတ်များဖြင့် ကာထားသည်ကိုလည်းတွေ့ရသည်။ ထို့အပြင် လျှပ်စစ်ရုံးမျက်နှာချင်းဆိုင်တွင် သင်္ကန်းကျွန်းရဲစခန်းရှိပြီး ရဲစခန်းဘေးဘက်တွင် လေးထောင့်ကန်လမ်းမကြီးပေါ်တွင် ရဲတန်းလျားရှိသည်ကိုတွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required