ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါးလက်ဝယ် ဖမ်းဆီးရမိသော်လည်း ပိုင်ရှင်မဲ့အဖြစ်ပြုလုပ်

By ကိုရွှေမြိတ်
02 January 2022
ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါးလက်ဝယ် ဖမ်းဆီးရမိသော်လည်း ပိုင်ရှင်မဲ့အဖြစ်ပြုလုပ်
ပုံစာ -မြေနီတောင်ကျေးရွာအား တွေ့ရစဉ်။

ဇန်နဝါရီ ၂

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စုရှိ မြေနီတောင်ကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့က မူးယစ်ဆေးဝါးများ ရောင်းဝယ် ပြုလုပ်နေသည်ဟု သတင်း ထွက်နေသည့် နေအိမ်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဝင်ရောက် ဖမ်းဆီးရာ လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းကျေးရွာနေ ဒေသခံများထံမှ သိရသည်။

မြေနီတောင်ကျေးရွာရှိ အမျိုးသမီးတစ်ဦး၏ နေအိမ်ကို စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ လှမျိုးချစ် ဆိုသူတို့ အဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးစဥ် ၎င်းနေအိမ် အတွင်း WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ပြားကို ဖမ်းဆီး ရမိသော်လည်း ငွေကြေးယူပြီး ပိုင်ရှင်မဲ့ အဖြစ် ပြုလုပ်ပေးခဲ့သည်ဟု ဒေသခံများ ထံမှ သိရသည်။

မြေနီတောင်ကျေးရွာနေ ဒေသခံ တစ်ဦးက" နေအိမ်ထဲကို သူတို့ ဝင်ဝိုင်း ဖမ်းတဲ့ အခါမှာ မူးယစ်ဆေးဝါးတွေ လက်ဝယ် ဖမ်းဆီး ရမိပါတယ် ။ ဒါပေမဲ့ စရဖက ငွေတောင်းပြီး ပိုင်ရှင်မဲ့ အဖြစ် သက်သေ ဖျောက်လိုက်တယ်"ဟု ပြောသည်။

လက်ရှိတွင် လက်ဝယ် ဖမ်းဆီးရမိသူ အမျိုးသမီးကို ဖမ်းဆီး အရေးယူ ထားခြင်း မရှိသည့် အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုပါ နုတ်ပိတ်ခိုင်း ထားသည့် သတင်းများထွက်နေကြောင်း ဒေသခံက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly