စစ်အာဏာရှင်များကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ပပျောက်အောင် လက်တွဲညီညီ တိုက်ထုတ်ရမည်ဟု CRPH ပြော

စစ်အာဏာရှင်များကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ပပျောက်အောင် လက်တွဲညီညီ တိုက်ထုတ်ရမည်ဟု CRPH ပြော

ဇန်နဝါရီ ၂

လက်နက်အားကိုးဖြင့် အဓမ္မအာဏာ လုယူထားသော စစ်အာရှင်များကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ပပျောက် အောင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လက်တွဲညီညီ တွန်းလှန်တိုက်ထုတ်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

ယနေ့ဇန်နဝါရီလ ၂ ရက်နေ့တွင် ကျရောက်သော ၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နှစ်သစ်ကူးသဝဏ်လွှာတွင် ထိုသို့ထည့်သွင်း ပြောဆိုထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး ရရှိရန်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက ဆွေးနွေးညှိနှိုင်းပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဆောင်ရွက်ခဲ့ကြသော်လည်း စစ်အာဏာရှင်များသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် လက်နက်အားကိုးဖြင့် အကြိမ်ကြိမ်ဖျက်ဆီးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း CRPH ၏ သဝဏ်လွှာတွင် ပြောထားသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အာဏာရှင်များကို အပြီးတိုင်ဖြုတ်ချရေး ဆန့်ကျင်တော်လှန်နေသည့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ခေတ်အဆက်ဆက် တန်းတူအခွင့်အရေးအတွက် ဖိနှိပ်မှုများနှင့် မတရားမှုများကို တွန်းလှန်ဆန့်ကျင်ခဲ့ကြသည့် ကရင်တိုင်းရင်းသားများ၏ ပံ့ပိုးကူညီမှု၊ ပါဝင်ကြိုးပမ်းမှုများသည် တော်လှန်ရေးအတွက် ကြီးမားသော အားအင်တစ်ရပ်ဖြစ်ကြောင်း CRPH က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် ခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲ၍ ဝိုင်းဝန်းကူညီကြိုးပမ်းဆောင်ရွက်ကြရန် CRPH က တိုက်တွန်းထားသည်။

ယင်းအပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တရားလက်လွတ်ပြုကျင့်မှုများကြောင့် ပြည်သူများဒုက္ခရောက်နေချိန် ဖေးမကူညီပေးခဲ့ကြသည့် ကရင်တိုင်းရင်းသား ဒေသခံများကို ကျေးဇူးတင်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကရင်နှစ်သစ်ကူးနေ့သို့ သဝဏ်လွှာပေးပို့ထားသည်။

ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်၏ ဆိုးကျိုးဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရသော ကရင်တိုင်းရင်းသားများသည် တန်းတူညီမျှ အခွင့်အရေး ရရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ဖော်ဆောင်ပြီး ဦးတည်လျှောက်လှမ်းကြမည်ဟု ယုံကြည်ကြောင်းလည်း NUG က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required