တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ မြန်မာ ၄၆ ဦး ထိုင်းမှာ ဖမ်းဆီးခံရ

တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ မြန်မာ ၄၆ ဦး ထိုင်းမှာ ဖမ်းဆီးခံရ

ဇန်နဝါရီ ၂

နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၄၆ ဦးကို ဇန်နဝါရီ ၁ ရက်နေ့က ထိုင်း ကင်းလှည့်အဖွဲ့တစ်ခုက ချင်းမိုင်ပြည်နယ်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၀ ဦးနှင့် ကလေး ခုနစ်ဦး တို့ ပါဝင်သည့် အဆိုပါ မြန်မာနိုင်ငံသားများကို ယင်းနေ့ ညနေ ၄ နာရီခန့်က ထိုင်း ကင်းလှည့်အဖွဲ့က တွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် ဇန်နဝါရီ ၁ ရက်နေ့က နယ်စပ် တောလမ်းကနေတဆင့် ဖန်းခရိုင်ထဲ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများသည် ရှမ်းပြည်နယ်၏ ပင်လုံ၊ လဲချား၊ မိုင်းကိုင်မြို့တို့မှ လာကြသူများဖြစ်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံ ချင်းမိုင် နှင့် ဘန်ကောက်တို့တွင် အလုပ်အကိုင်များ ရရှိရေးအတွက် မြန်မာနိုင်ငံရှိ ပွဲစားများကို တစ်ဦးလျင် ဘတ် ၂၀,၀၀၀ ကနေ ၂၆,၀၀၀ အကြား ပေးခဲ့ရသည်ဟု သိရသည်။

ယခုအခါ ထိုင်းတာဝန်ရှိသူများက ၎င်းတို့ကို ဖန်းခရိုင် ရဲစခန်းတွင် ဥပဒေအရ အရေးယူမှုများ လုပ်ပြီးနောက် နေရပ်ပြန်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly