“NLD ဦးဝင်းထိန်၊ လူဆိုးလား”

“NLD ဦးဝင်းထိန်၊ လူဆိုးလား”

အခုရက်ပိုင်း သတင်းမီဒီယာ သမားတွေအကြား၊ ပြည်သူတွေအကြား အပြောများနေတဲ့ ကိစ္စ တစ်ခုကတော့ NLD ခေါင်းဆောင် ဦးဝင်းထိန်နဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် အာရ်အက်ဖ် အေ သတင်းဌာန အင်တာဗျူး ကိစ္စပါ။ အင်တာဗျူး ပြီးဆုံးချိန် ဦးဝင်းထိန် ပြောလိုက်တဲ့ “ကျေးဇူးတင် မနေနဲ့။ ခင်ဗျားတို့မေးတဲ့ မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးကြ” ဆိုတဲ့ စကားအပေါ်မှာ ဝေဖန်မှု များသွား တာဖြစ်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးကြည့်ကြရအောင်။

ပထမ အဲဒီအင်တာဗျူး မေးခွန်းတွေအကြောင်း အရင် ဆွေးနွေးကြည့်ရအောင်ပါ။ အင်တာဗျူး ကို အစချီထားတာ “ဖေဖော်ဝါရီလဆန်းမှာ လွှတ်တော်သစ် စတင် ခေါ်ယူနိုင်ဖွယ်ရှိတာကြောင့် NLD ပါတီက တင်သွင်းမယ့် သမ္မတလောင်းနဲ့ အစိုးရအဖွဲ့ဝင် စာရင်းတွေ အများပြည်သူသိအောင် ထုတ်ပြန် ကြေညာသင့်ပြီလို့ နိုင်ငံရေး လေ့လာသူတချို့က ထောက်ပြနေကြပါတယ်” လို့ ဖွင့်ထားပါတယ်။

ဘယ်လို နိုင်ငံရေး လေ့လာသူတွေလည်း ဆိုတာကတော့ မပါပါဘူး။ ဒီအချက်ဟာ တကယ်ပဲ နိုင်ငံ ရေး လေ့လာသူတွေ ထောက်ပြနေတဲ့ အချက်ဖြစ်သလား၊ ဒါမှမဟုတ် သတင်းဌာနက လုပ်ချင်တဲ့ Story Idea ဖြစ်နေသလား မသဲကွဲပါဘူး။

နောက် စပြီးမေးတာက “ NLD ရဲ့ သမ္မတ၊ အစိုးရအဖွဲ့တွေမှာ ဘယ်သူတွေပါမယ် ဘယ်သူ တွေနဲ့ ဖွဲ့စည်းပါမယ်ဆိုတာ မကြေငြာနိုင်သေးတဲ့အပေါ်မှာ တစ်ချို့လည်း မေးခွန်းတွေ ထုတ်နေကြတာ တွေ့ရပါ တယ် ခင်ဗျား။ ပြီးတော့ အားမလို အားမရလည်း ဖြစ်နေကြပါတယ်ခင်ဗျ။ တကယ်ပဲ အန်ကယ်တို့ဖက် အချိန်စောနေသေးတယ်ဆိုပြီး မထုတ်နိုင်တာလား အခက်အခဲတွေကြောင့် အဆင်သင့် မဖြစ်တာ လားသိပါရစေလား ခင်ဗျား” တဲ့။ ဒါလည်း စောစောက အတိုင်းပါပဲ။ တကယ်ပဲ ပြည်သူ တွေက မေးခွန်းထုတ်နေကြသလား ဆိုတာကလည်း ပြန်မေးခွန်းထုတ်စရာ ကောင်းပါတယ်။

ဒီ အင်တာဗျူးမှာ အရေးအကြီးဆုံး အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ အင်တာဗျူးပြီး လို့ ကျေးဇူးတင်ကြောင်း ပြောချိန် ဦးဝင်းထိန်က မီဒီယာတွေကို ပြန်ဝေဖန်လိုက်တဲ့ စကားကို အသေအခြာ ရည်ရွယ်ချက်ရှိရှိ ဖော်ပြပေးလိုက်တာပါ။ ဒါနဲ့ ပတ်သက်ရင် သတင်းမီဒီယာ တင်ဆက် သူတွေဘက်က အမျိုးမျိုး လုပ်ပိုင်ခွင့် ရှိပါတယ်။ ဦးဝင်းထိန်ရဲ့ အဲဒီ ပြောဆိုချက်ကို တည်းဖြတ်ပေး လိုက်ပြီး အင်တာဗျူးကို ဖော်ပြပေးရင်လည်း ရပါတယ်။ အဲဒါဆို ခုလို ဦးဝင်းထိန်အပေါ် ဟိုလိုပြော ဒီလိုပြော အငြင်းပွားမှုမျိုး ဖြစ်ပေါ်လာတော့မှာ မဟုတ်ပါဘူး။

ပြီးမှ ဦးဝင်းထိန်ကို ကျွန်တော်တို့ မေးတာတွေက ပြည်သူတွေက သိချင်လို့ မေးတာပါ၊ ဘာညာ ပြောချင်လည်း ပြောလို့ ရပါသေးတယ်။ ဒါပေမယ့် အခု အင်တာဗျူးမှာတော့ သတင်းဌာနဟာ ဦးဝင်းထိန်ရဲ့ အဲဒီ ပြောစကားကို ကြံရွယ်ချက်ရှိ ရှိ ထည့်ပေးလိုက်တယ်လို့ပဲ ယူဆ ရပါတယ်။

အင်တာဗျူးမှာ ဦးဝင်းထိန် ဖြေခဲ့တာတွေကတော့ ဘာမှ အငြင်းပွားစရာ မရှိပါဘူး။ တကယ် တော့ ပြည်သူတွေရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါ အမှားအယွင်း အထိအခိုက်မခံ တဲ့ အခြေအနေ တစ်ခုကို ဖြတ်သန်းနေကြရတာပါ။ အများပြည်သူတွေ စိုးရိမ်ကြသလို ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် အတော်စိုးရိမ်တဲ့ ပုံပေါ်ပါတယ်။ အဲလို စိုးရိမ်ရတာကလည်း ခိုင်လုံတဲ့ အကြောင်းတွေ ရှိလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရာနဲ့ချီရှိတဲ့ သူ့ရဲ့ ရွေးကောက်ခံ အမတ်တွေကို ပြောရေးဆိုခွင့် ပိတ်ပင်ထားပါတယ်။ ဒါဟာ ဒီမိုကရေစီ နည်းလမ်း မကျဘူးလို့ ယူဆရပေမယ့် တိုင်းပြည် အကျိုးစီးပွား၊ ပြည်သူတွေ အကျိုးစီးပွားအတွက် အရေးကြီးတဲ့ အချိန်အခါ ဖြတ်သန်းနေရလို့ အဲလို လုပ်ရတာလို့ ကောက်ချက်ချနိုင်ပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ စိတ်ချယုံကြည်ရသူ ၃-၄ ယောက်လောက်ကိုပဲ သတင်းမီဒီယာတွေနဲ့ တွေ့ခွင့်၊ ဖြေခွင့် ပေးထားပါတယ်။ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်းတို့လောက် ဖြစ်ပါ တယ်။ တစ်ချို့ ပြောခွင့်ရသူတွေကတော့ မလုပ်မရှုတ် မပြုတ် လမ်းစဉ် ကျင့်သုံးတာကြောင့် မေးသမျှ မီဒီယာ အဲဒီ အဖိုးကြီးနှစ်ယောက်ပဲ ဒိုင်ခံဖြေရတဲ့အခြေအနေ ရောက်သွားပါတယ်။ နောက်ထပ် ပြဿနာတစ်ခုက အဲဒီ အဖိုးကြီးနှစ်ယောက်ဟာ အဲဒီ တာဝန်တွေချည်းပဲလည်း မဟုတ်သေးပါဘူး။

အစည်းအဝေးတွေ တက်တာ အပြင် ဒေါ်အောင်ဆန်းစုကြည်က ခိုင်းတဲ့ အခြား တာဝန်တွေကိုလည်း လုပ်ရပါသေးတယ်။ ပြောရရင် သူတို့တွေဟာ လေ့ကျင့်သားပြည့်ဝနေတဲ့ “ပြောရေးဆိုခွင့်ရှိသူ” တွေ မဟုတ်ကြပါဘူး။ ဒါကြောင့်လည်း သူတို့တွေဟာ မီဒီယာတွေကို တွေ့ဆုံတဲ့အခါ ပရော်ဖက်ရှင်နယ် ပြောရေးဆိုခွင့်ရှိသူတွေလို ပရိယာယ်ကြွယ်ကြွယ်၊ မာယာကြွယ်ကြွယ် ပြောဆိုတာမျိုး မလုပ်ပဲ ရိုးရိုး နိုင်ငံရေး သမားတွေလိုပဲ ကိုယ့်စရိုက်အတိုင်း ပြောဆိုတာ တွေ့နိုင်ပါတယ်။ ဒါကလွဲရင် သူတို့ကို ပေးထားတဲ့ တာဝန်အရ မေးသမျှကိုတော့ ဖြေတာချည်းပါပဲ။

ဒီလူတွေကို ပြောရေးဆိုခွင့် နေရာပေး ထားတဲ့ ကိစ္စ အပြစ်တင်ခြင်း တင်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် ဘယ်မီဒီယာသမား ဘယ်လူပုဂ္ဂိုလ်ကမှ ဒေါ်အောင်ဆန်းစုကြည်ကို မထိရဲကြပါဘူး။

အခု အင်တာဗျူးမှာလည်း ဦးဝင်းထိန် ပြန်ဖြေသမျှဟာ တိုင်းပြည်အကျိုးစီးပွား၊ ပြည်သူလူထု အကျိုးစီးပွားဘက်က ရပ်ခံ ဖြေသွားတာချည်းပါ။ ဘာပြဿနာမှ မရှိပါဘူး။ နောက်ပိုင်း အမေးအဖြေ တွေနဲ့ ပတ်သက်လို့ကတော့ အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ဦးဝင်းထိန်နဲ့ အင်န်အယ်လ်ဒီ ဘက်က အသွင်ကူးပြောင်းရေးကို ချောချောမွေ့မွေ့ဖြစ်အောင်၊ ၁၉၉၀ တုန်းကလို ပြဿနာတွေ မပေါ်အောင် ဆောင်ရွက်နေရတယ် ဆိုတဲ့ သဘောမျိုး ဖြေသွားတာ တွေ့နိုင်ပါတယ်။ ဒီနေရာမှာ မီဒီယာတွေကို “မေးတဲ့ မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးကြ” ဆိုတာကသာ သူ့ကို ထောက်ပြစရာ ဖြစ်သွားစေတာ ပါ။ မီဒီယာတွေကရော တကယ်ပဲ သူပြောသလို တိုင်းပြည် အကျိုးစီးပွား၊ ပြည်သူလူထု အကျိုးစီးပွား ကို အဓိကထားပြီး စဉ်းစဉ်းစားစား မေးကြသလား မေးစရာ ရှိလာပါတယ်။

သိပ်မကြာသေးခင်တုန်းကဆို ဘီဘီစီလို သတင်းဌာနကြီးကတောင် “ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကို အရေးယူသင့်သလား” ဆိုတဲ့ အစီအစဉ်မျိုး လုပ်ခဲ့ပါသေးတယ်။ ပြည်တွင်းထုတ် သတင်း စာ ဂျာနယ်တွေမှာဆိုရင်လည်း အပြောင်းအလဲ ကာလ ကို အချိန်မရွေး ပျက်စီးသွားစေနိုင်တဲ့ ဆောင်းပါးမျိုးကလည်း အချိန်မရွေး ဖော်ပြနေတာပါပဲ။ ဒီလို အခြေအနေမျိုးမှာ သတင်းမီဒီယာတွေ အနေနဲ့ ဦးဝင်းထိန်ကို အပြစ်တင်နေမယ့်အစား ကိုယ်ကိုယ်တိုင်က တိုင်းပြည်အကျိုးစီးပွား၊ ပြည်သူလူ ထု အကျိုးစီးပွားကို ဦးထိပ်ထားပါရဲ့လား၊ စာနယ်ဇင်း ကျင့်ဝတ်ကို လိုက်နာ စောင့်ထိန်းပါရဲ့လား၊ ကိုယ့်တာဝန် ကိုယ်ကြေကြပါရဲ့လား၊ နိုင်ငံရေးသမားတွေနဲ့ ဘယ်သူ့ကိုမှမချန် ကလောင်နဲ့ ဟိုထိုး သည်ထိုး၊ ဟိုရိုးသည်ရိုး လုပ်နေပြီး ကိုယ့်ကို ဝေဖန်လာရင်တော့ တရားစွဲမယ် တစ်ခြိမ်းခြိမ်း ခြိမ်းခြောက်ပြီး ဒီမိုကရေစီကို မျက်နှာပြောင်တိုက် ဆန့်ကျင်နေသလား ဆိုတာ ဆန်းစစ်ဖို့ပဲ ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly