အင်န်အယ်လ်ဒီနဲ့ မီဒီယာဆက်ဆံရေး

အင်န်အယ်လ်ဒီနဲ့ မီဒီယာဆက်ဆံရေး

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက တောင်ပြိုကမ်းပြို နိုင်လိုက်သည်။ တစ်နည်းအားဖြင့် တိုင်းပြည်၏ ဥပဒေပြုရေးအာဏာ၊ ထိုမှတဆင့် အုပ်ချုပ်ရေးအာဏာကို လာမည့် ငါးနှစ်စာ သက်တမ်းအတွက် ရယူနိုင်ပါမည့်အကြောင်း မဲဆန္ဒရှင် ပြည်သူလူထုက အခွင့်ပေးလိုက်ခြင်း ဖြစ်သည်။ ပေးလည်း ပေးထိုက်ပါသည်၊ အင်န်အယ်လ်ဒီသည် ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီ အရေးတော်ပုံမှ ပေါက်ဖွားလာသော ပြည်သူ့ပါတီဖြစ်သဖြင့် မဲဆန္ဒရှင် ပြည်သူများကလည်း မပြောင်းမ လဲသော စိတ်ထားဖြင့် လာမည့်ငါးနှစ်သက်တမ်းစာ အခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

အင်န်အယ်လ်ဒီ အောင်နိုင်ခြင်းတွင် မဲဆန္ဒရှင်လူထုသည် အခြေခံဖြစ်သော်လည်း ယင်းလူထု ၏ ယုံကြည်အားထားမှုသည် လူထုခေါင်းဆောင်နှင့် အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပေါ်တွင် မှီတည်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းကိုယ်တိုင်က မခံယူသော်လည်း ဘဝတစ် သက်စာကို မြန်မာပြည်နှင့် မြန်မာပြည်သူများ လက်ဝယ်သို့ အပ်နှင်းထားသူဖြစ်သည်။ သူက ရွေးချယ် မှုဟု စကားလုံးသုံးနှုန်းသည်၊ သူ၏ ရွေးချယ်မှုဖြင့် ယခုကဲ့သို့ တိုင်းပြည်အရေးအရာများကို လုပ်ကိုင် ဆောင်ရွက်နေခြင်းဖြစ်ပြီး အနစ်နာခံမှု၊ စွန့်လွှတ်စွန့်စားမှု မဟုတ်ပါဟု ဆိုသော်လည်း မဲဆန္ဒရှင်ပြည် သူအများမှာ သူ့ကို ယုံကြည်လေးစား အားကိုးအားထား ပြုကြသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အပြင် အင်န်အယ်လ်ဒီ အောင်နိုင်ခြင်းတွင် အခြားသော အကြောင်းအရာများလည်း ရှိပါသည်။ နာမည်ကျော် အနုပညာရှင်များသည် ဒေါ်အောင်ဆန်းစုကြည် နှင့် အင်န်အယ်လ်ဒီကို ဝန်းရံခဲ့ကြသည်။ အနုပညာရှင်များကို ပြည်သူများက ချစ်ခင်ကြသည်ဖြစ်ရာ အနုပညာရှင်များက ဖျော်ဖြေစည်းရုံး ဟောပြောလိုက်သည်နှင့် နဂိုမူလ စဉ်းစား ဆုံးဖြတ်ချက်များသည် ပိုမို ခရီး တာသွားတော့သည်။ မမှားသော ဆုံးဖြတ်ချက်အဖြစ်နှင့် အင်န်အယ်လ်ဒီကို ပုံခဲ့ကြ သည်။ ဤတွင် မီဒီယာသည်လည်း အပါအဝင်ဟု ဆိုသော် ရသည်။

နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်များနှင့် စစ်အာဏာရှင် အကြွင်းအကျန်များ၊ စစ်အာဏာ ရှင် နောက်မြီးဆွဲများ၏ အုပ်ချုပ်မှုအောက်တွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးများ ဆုံးရှုံးကာဖြင့် ပိပြား၊ ငြိမ်ဝပ်၊ ဆိုးရွားစွာဖြင့် ရှင်သန်နေထိုင်ခဲ့ရသူ ပြည်သူအများတွင် မီဒီယာများသည်လည်း မလွတ် ကင်းဘဲ ပါဝင်ခဲ့သည်။ သို့ဖြစ်ရာ မီဒီယာသည် ပြည်သူများနှင့် တသားတည်း ရှိခဲ့သည်။ မှန်သောဘက် (ဝါ) တိုင်းပြည်နှင့် လူထုကောင်းကျိုးဘက်အတွက်ကို မီဒီယာက ဦးတည် ထောက်ခံအားပေးခဲ့သည်။ အစိုးရ အာဏာပိုင်များကိုယ်တိုင်က မီဒီယာသည် အင်န်အယ်လ်ဒီဘက် ပင်းခဲ့သည်ဟု ယိုးစွပ်ခဲ့ကြသည်။

တကယ်တော့ မီဒီယာသည် မီဒီယာအလုပ်ကို လုပ်ခဲ့ခြင်းသာ ဖြစ်သည်။ မီဒီယာသည် ကြားခံ ဖြစ်သည်၊ တစ်နည်းအားဖြင့် ပေါင်းကူးဖြစ်သည်။ အစိုးရနှင့် ပြည်သူကြား၊ မဲဆန္ဒရှင်နှင့် ပြည်သူ့ကိုယ် စားလှယ်လောင်းကြား၊ နိုင်ငံရေးသမားနှင့် ယင်းတို့ကို ထောက်ခံသူများကြား မီဒီယာက ကြားခံဖြစ် သည်။ ပြည်သူအများနှင့် ယင်းအစိုးရ၊ နိုင်ငံရေးသမားနှင့် ပြည်သူ့ ကိုယ်စားလှယ်များသည် အမြဲတစေ ထိတွေ့နိုင်သော အခွင့်အရေး မရှိသည်တွင် မီဒီယာက ကြားခံအဖြစ် ဆောင်ရွက်သည်။ ထိုသူဤ သူတို့ကို မေးမြန်းပြီး သတင်းစကားများ အပြန်အလှန် ပါးသည်။

မီဒီယာသမားသည် အခြေခံလူတန်းစားမှသည် နိုင်ငံရေးသမား၊ ပြည်သူ့ကိုယ်စားလှယ်မှသည် သမ္မတအဆုံး စကားပြောဆို မေးမြန်းခွင့်ရှိသည်၊ စိန်ခေါ်မှုပါသော မေးခွန်းများကို မေးမြန်းနိုင်သည်။ မရှင်းလင်းသည်များကို ရှင်းလင်းစေရန် ကြော့ပြီး မေးနိုင်သည်။ မေးမြန်းခြင်းသည် မီဒီယာသမား၏ အခွင့်အရေးဖြစ်သည်။ နိုင်ငံရေးသမား၊ အစိုးရအာဏာပိုင်နှင့် ပြည်သူ့ကိုယ်စားလှယ်များသည် မိမိတို့ ပေးလိုသော သတင်းစကားများကို (တစ်ခါတရံတွင် မိမိတို့က မပေးလိုသေးသော်လည်း ပြည်သူက သိချင်နေသဖြင့် မေးမြန်းလာသော မေးခွန်း၏ အဖြေများကို)မီဒီယာကို အသုံးချ ဖြေကြားနိုင် ကြသည်။

မီဒီယာက မေးလာသည်တွင် ရှင်းရှင်းမဖြေလိုက မဖြေဘဲ နေနိုင်သည်၊ သို့တည်းမဟုတ် မေးခွန်းကို ငြင်းပယ်နိုင်သည်၊ သို့တည်းမဟုတ် စကားအလိမ္မာသုံး ရှောင်ရှားနိုင်သည်၊ သို့တည်းမ ဟုတ်မြွှေမသေ တုတ်မကျိုး၊ မတင်မကျသော သတင်းစကားကို ပေးနိုင်သည်။ သို့ရာတွင် မီဒီယာ ကိုကား ဆရာလုပ်ခွင့်၊ ခြိမ်းခြောက် ဟိန်းဟောက်ခွင့်ကား လုံးလုံး မရှိပါ။ မီဒီယာသမားသည် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ပြည်သူအများစုသို့ သတင်းစကား ပါးသူဖြစ်သဖြင့် တန်ဖိုးအ တူတူဟု ယူသော်ရသည်။ မီဒီယာသမားကို ပထမတန်းစားထားကာ ဦးစားပေးရမည်ဟု မဆိုလိုသော် လည်း မီဒီယာသမား များနှင့် နွေးထွေးရင်းနှီးသော ဆက်ဆံမှုပြုခြင်းသည် အရင်းမရှုံးသော အမှုကိစ္စ ဖြစ်သည်။

အင်န်အယ်လ်ဒီ၏ အောင်ပွဲသည် လူထုအောင်ပွဲဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။ လူထုသည် အင်န်အယ်လ်ဒီ အောင်ပွဲမှတဆင့် ၎င်းတို့၏ အောင်ပွဲ ဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက် နိုင်ရေး အသင့်စောင့်စားလျှက်ရှိသည်။ စောင့်စားခိုက်တွင် သတင်းစကားများ ကြားသိလိုသည်ဖြစ်ရာ မီဒီယာ၏ကဏ္ဍမှာ အရေးကြီးသည်။ အင်န်အယ်လ်ဒီတွင် ဒေါ်အောင်ဆန်းစုကြည်မှစကာ ထိပ်တန်း ခေါင်းဆောင်များတွင် မီဒီယာနှင့် ပတ်သက်လျှင် လိုအပ်ချက်များ ရှိနေတတ်သေးရာ ထိုသို့ဤသို့ လိုအပ်ချက်များ မရှိစေပါမည့်အကြောင်း မဇ္ဈိမက တောင်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly