ကော့မှူးတွင် ကိုယ်ဝန်ဆောင် အပါအဝင် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ

ကော့မှူးတွင် ကိုယ်ဝန်ဆောင် အပါအဝင် ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ

ဇန်နဝါရီလ ၁ ရက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ၃၀ ကျော်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ကော့မှူးမြို့နယ် ကျိုက်ထော်ကျေးရွာက စစ်ကောင်စီ သတင်းပေး ဒလန်ဟုဆိုသူ နှစ်ဦး ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် အစောပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီက ကျိုက်ထော်ကျေးရွာ အတွင်းရှိ ဒေသခံ ပြည်သူများကို ယခုကဲ့သို့ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံက ဆိုသည်။

“ဒလန်နှစ်ယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် အဲ့နေ့မှာပဲ ကျိုက်ထော်ကျေးရွာက ပြည်သူတွေကို စစ်ကောင်စီက ဖမ်းသွားတယ်။ ကိုယ်ဝန်သည် တစ်ဦးလည်း ပါတယ်။ ဈေးသည်တွေရော လှေသမား ပိုက်သမား အပါအဝင် လူ ၃၀ လောက်ကို ဖမ်းပြီး စစ်ဆေးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ယင်းသို့ ဖမ်းဆီးရာတွင် သတင်းပေးဒလန် သုံးဦးက လမ်းပြပြီး စစ်ကောင်စီ တပ်ဖွဲ့များက ကားဖြင့် ကျေးရွာအတွင်း လှည့်လည် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
 

“ဒီနေ့ မနက်မှာ အဖမ်းခံရတဲ့ သူတွေထဲက တချို့ကို ပြန်လွှတ်ပေးလိုက်တယ်။ ကိုယ်ဝန်သည် အမျိုးသမီးနဲ့ အခြားဒေသခံ ခြောက်ဦးကိုတော့ အခုထိ ပြန်မလွှတ်သေးဘူး။ ဒီနေ့ ကျိုက်ထော်ရွာ အထက်ပိုင်းကို ဧည့်စာရင်း စစ်မယ်ဆိုပြီးလည်း ကြားနေတယ်” ဟု ကော့မှူး ဒေသခံတစ်ဦးက ပြောသည်။

ကော့မှူးမြို့နယ် ကျိုက်ထော်ကျေးရွာရှိ စစ်ကောင်စီ သတင်းပေးဟုဆိုသူ နှစ်ဦးကို  အာဏာရှင် တော်လှန်ရေး တပ်ဦး D.R.Fနှင့် ကော့မှူး ပကဖ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့ရာ တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး  ကျန်တစ်ဦး ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required