PDF များကို ဆေးကုခွင့်နဲ့ ဒုက္ခသည်စခန်းတွေမှာ ပေးမနေရန် ထိုင်းစစ်တပ်မှ ညွန်ကြားဆိုသည်မှာ သတင်းအမှားသာဖြစ်

PDF များကို ဆေးကုခွင့်နဲ့ ဒုက္ခသည်စခန်းတွေမှာ ပေးမနေရန် ထိုင်းစစ်တပ်မှ ညွန်ကြားဆိုသည်မှာ သတင်းအမှားသာဖြစ်

ဇန်နဝါရီလ ၁ ရက်

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားနေသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များဒဏ်ရာရလာလျှင် ဆေးကုသမှုမပေးရန် ထိုင်းအစိုးရက ညွှန်ကြားထားသည်ဆိုသော အဆိုပြုချက်ပျံ့နှံ့နေသည်။ သို့သော် ၎င်းအဆိုပြုချက်မှာ သတင်းမှားသာလျှင်ဖြစ်သည်။

လူပေါင်း ၁၇,၀၀၀ ကျော် subscribe ပြုလုပ်ထားသည့် Myanmar Hard Talk ဆိုသည့်  Telegram Channel က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် သတင်းစုံ-Myanmar ဆိုသည့် ဖေ့ဘုတ်စ်ပေ့ချ်ကလည်း ဖြန့်ချိခဲ့သည်ကို တွေ့ရသည်။

ဒီဇင်ဘာလ ၁၅ ရက်က စတင်သည့် လေးကေ့ကော်ဒေသနှင့်အနီးတဝိုက် စစ်ကောင်စီတပ်နှင့် ကရင်လွတ်မြောက်ရေးတပ် (KNLA) နှင့်ပူးပေါင်းတပ်များတို့၏ တိုက်ပွဲကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာ အိမ်နီးချင်းထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံနေခဲ့ကြရသည်။ 

ပျံံနှံ့နေသော သတင်းမှားတွင် “စစ်ဘေးရှောင်သူများအနက် PDF များကို ဆေးကုသခွင့်နှင့်ဒုက္ခသည်စခန်းများတွင် နေထိုင်ခွင့်မပြုရန် ထိုင်းအစိုးရမှ ညွန်ကြားထားသည်ဟု ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်ကို ကိုးကားပြီး ထိုင်းအခြေစိုက် မီဒီယာများမှ ဖော်ပြ” ဟုရေးသားထားသည်။

မဇ္ဈိမအနေဖြင့် ထိုင်းစစ်ဘေးရှောင် စခန်းသို့ရောက်ရှိနေသည့် ဒုက္ခသည်တစ်ဦးကို မေးမြန်းကြည့်ရာ “ မကြားမိပါဖူး၊ဒီနေ့ ကြားမိတာဆိုလို့ ခိုးဝင်မြန်မာတွေကို ဖမ်းမယ် ဒီလောက်ပဲကြားမိတယ်၊ဒီရက်ပိုင်း အဝင်များလို့စောင့်ကြည့်နေကြတယ်”ဟု ဖြေကြားခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် ဒီဇင်ဘာလ ၂၇ ရက်က စတင်ကာဒီဇင်ဘာ ၃၁ အထိ ထိုးစစ်ဆင်မှုနှင့်အတူ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံဦးရေ ပိုမိုတိုးနေကြောင်း ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနရဲ့ ဖော်ပြချက်အရသိရှိရသည်။

မြန်မာပြည်သားများအရေးပူးတွဲစောင့်ရှောက်ရေးကော်မတီမှ ဥက္ကဌ ဦးမိုးကြိုးမှ “ထိုင်းဘုရင့်တပ်မတော်မှ အဆင့်လေးဆင့်နဲ့ ကူညီတယ်၊( ၁) စစ်ဘေးရှောင်များအား စားရေရိက္ခာပေးတယ်၊ (၂) နေရာချပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်။ (၃) နေရပ်ပြန်ချင် သယ်ယူပို့ဆောင်ရေးလုပ်ပေးတယ်။ (၄) ထိုင်းဘက်ခြမ်းရှိနေစဉ် လုံခြုံရေးအစီအစဉ်များနဲ့ ကာကွယ်မှု ပေးနေပါတယ်၊ အခြားကြေညာချက်တော့ မတွေ့မိပါဖူး၊ဒီလိုကူညီနေတာကိုပဲ မီဒီယာတွေမှာလည်း ကြေညာပေးပါတယ်၊ဒါပဲ ရှိပါတယ်” ဟု ဖြေကြားသည်။

ဒါကြောင့်လက်ရှိသတင်းပြန့်နေသည့် PDF များကို ဆေးကုခွင့်နဲ့ ဒုက္ခသည်စခန်းတွေမှာ ပေးမနေရန် ထိုင်းစစ်တပ်မှ ညွန်ကြားဆိုသည်မှာ သတင်းအမှားသာဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required