ရန်ကုန်တိုင်းတွင် မီတာခများ အတင်းအကျပ်ကောက်ခံပြီးနောက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနေ့စဥ်ဖြစ်ပေါ်

By ကီရာ
31 December 2021
ရန်ကုန်တိုင်းတွင် မီတာခများ အတင်းအကျပ်ကောက်ခံပြီးနောက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနေ့စဥ်ဖြစ်ပေါ်

ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တိုင်းရှိ နေရာအချို့တွင် မီတာခများ အတင်းအကျပ်ကောက်ခံပြီးနောက် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် သာကေတ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ဗဟန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ သန်လျင် အစရှိသည့် မြို့နယ်များ၏ နေရာအချို့တွင် မနက် ၈နာရီခန့် က တစ်ကြိမ် နေ့လယ် ၃နာရီခန့်က တစ်ကြိမ် မီးပြတ်တောက်ခဲ့ကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက '' မနက်က ၅နာရီက စပြတ်ပြီး နေ့လယ် ၁နာရီက မီးပြန်လာတယ်။ ညနေကတော့ ၆နာရီကစပြီး မီးပြတ်တာ အခု ၇နာရီအထိ ပြန်မလာသေးဘူး ''ဟု ပြောသည်။

မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးကလည်း '' မနက်က ဘယ်အချိန်က ပြတ်လဲမသိဘူး ။ အစ်မ အိပ်ရာနိုးတဲ့ ၇နာရီလောက်ကတော့ မီးက ပြတ်နေတာတွေ့တယ် ။ မနေ့ကတော့ မီးက တနေကုန်ပြတ်တာ ညနေ ၅နာရီလောက်မှ မီးပြန်လာတယ် ''ဟု ပြောသည်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း က YESC CallCenter လူမှုကွန်ရက်မှတစ်ဆင့် လျှပ်စစ်ဓာတ်အားချွေတာရန် ရေးသားထားသည်များကိုလည်းတွေ့ရပြီး မီးများပြတ်တောက်နေမှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ်မှ လျှပ်စစ်ဝန်ထမ်းတစ်ဦးက '' မီတာခတွေကောက်ပြီးမှ မီးတွေဖြတ်ပစ်တာ မဟုတ်ပါဘူး။ မြို့နယ်တိုင်း အလှည့်ကျ မီးဖြတ်တာလည်း မဟုတ်ပါဘူး။ လျှပ်စစ်ဓာတ်အား မလုံလောက်လို့ မီးတွေ ခဏဖြတ်တောက်ပစ်တဲ့ သဘောပါ''ဟု ဆိုသည်။

သို့သော် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းက မီးခဏဖြတ်တော​က်သည်ဟု ဆိုသော်လည်း နေ့စဥ်နေ့တိုင်း ရန်ကုန်မြို့ နေရာတိုင်းတွင် မီးမကြာခဏ ပြတ်တောက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း က အလုံနှင့်ဟုံဟိုင်းဓာတ်အားခွဲရုံရှိ ထရမ်စဖော်မာ နှစ်လုံးအား အစားထိုး တပ်ဆင် အဆင့်မြှင့်တင်မည် ဖြစ်သည့်အတွက် ဇန်နဝါရီလ ၁ ရက်နှင့် ၂ ရက်နေ့အထိ ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်း ၎င်းတို့၏ YESC CallCenter မှတစ်ဆင့်ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါ ယာယီဓာတ်အားပြတ်တောက်မည့် မြို့နယ်များတွင် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံ၊ အလုံ၊ လှိုင်၊ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်များ ပါဝင်သည်ဟု ရေးသားထားသော်လည်း နေ့စဥ် ရန်ကုန်မြို့နေရာတိုင်းတွင် ဓာတ်အားပုံမှန် ပြတ်တောက်မှုများဖြစ်ပေါ်နေသည့် အပေါ် ပြည်သူများက ဝေဖန်ပြောဆို‌ေနကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly