ငြိမ်းချမ်းရေးညီလာခံ ကိုယ်စားလှယ်များအတွက် အစားအစာလုံခြံုရေးကိုလည်း စီမံမည်

ငြိမ်းချမ်းရေးညီလာခံ ကိုယ်စားလှယ်များအတွက် အစားအစာလုံခြံုရေးကိုလည်း စီမံမည်
ဓာတ်ပုံ-ဘိုဘို မဇ္စျိမ

ဇန်နဝါရီလ ၇ ရက် ။            ။ နေပြည်တော် MICC (II) တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်လာကြမည့် ကိုယ်စားလှယ် များ သုံးဆောင်မည့် အစားအစာများ လုံခြုံမှုရှိစေရေးအတွက်လည်း စီမံသွားမည်ဟု သိရသည်။

ငါးရက်ကြာမည့် ညီလာခံအတွက် ဧည့်ခံကျွေးမွေးရေးအဆင်ပြေစေရန် ဇန်နဝါရီ ၅ ရက်က ဆက်စပ်ဌာနများ၊ ဧည်ခံ ကျွေးမွေးရေးကော်မတီဝင်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးစဉ် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဆွေးနွေးမှာကြားခဲ့သည်။

လူပုဂ္ဂိုလ်၊ ပစ္စည်းများ၏ လုံခြုံရေးသာမက အစားအစာများ လုံခြုံမှုရှိစေရေးအတွက် စီမံဆောင်ရွက်ရန် ဝန်ကြီးက မှာကြားသွားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် အစားအသောက် ကိုင်တွယ်မည့်သူများအနေဖြင့် ကျန်းမာရေး ဆေးစစ်မှု ခံယူရမည်ဖြစ်ပြီး၊ ကျွေးမွေးရန် ပြင်ဆင်သည့်အချိန်တွင် လိုအပ်သည့် စစ်ဆေးမှုများကိုလည်း ဆောင်ရွက်ရန် မှာကြားသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန -၂ (MICC-II) ၌ ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက် အထိ ကျင်းပမည့် ညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်များအတွက် တည်းခိုနေထိုင်ရေးကို နေပြည်တော်၊ အားကစားရွာ၌ စီစဉ်ထားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က မှာကြားရာတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ခြင်၊ ယင် နှိမ်နင်းနိုင်ရန် ကြိုတင် ဆေးဖျန်းထားရေး၊ အစားအသောက်နှင့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စွန့်ပစ်နိုင်ရေး၊ အမှိုက်သိမ်းကားများ စနစ်တကျ စီစဉ်ထားရေးတို့လည်း ပါဝင်သည်။

တက်ရောက်မည့်သူများ အနားယူနိုင်ရေးနှင့် လိုအပ်သည့် ဖျော်ဖြေမှုများဆောင်ရွက်မည့်နေရာတွင် အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်သည့် စားသောက်ဆိုင်၊ အမှတ်တရဆိုင်များ စနစ်တကျရောင်းချနိုင်ရေးလည်း ဆွေးနွေးကြသည်။

ဇန်နဝါရီ ၅ ရက် ဝန်ကြီး ဦးဌေးအောင်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟို ဌာန၊ ဌာနဆိုင်ရာများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

Ref; MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly