အင်တာနက်ဖွင့်ပေးရန် တောင်းဆို၍ တရားစွဲခံရသည့် ရခိုင်လူငယ် ၂ ဦး ၁ နှစ်ခွဲအကြာတွင် ပြန်လွတ်

အင်တာနက်ဖွင့်ပေးရန် တောင်းဆို၍ တရားစွဲခံရသည့် ရခိုင်လူငယ် ၂ ဦး ၁ နှစ်ခွဲအကြာတွင် ပြန်လွတ်

ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် ခုနှစ်ခုနှင့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ပြန်ဖွင့်ပေးရန် တောင်းဆို၍ ငြိမ်းစုစီပုဒ်မ- (၁၉) ဖြင့် တရားစွဲ ခံထားရသော ကျောက်ဖြူမြို့က လူငယ်နှစ်ဦးကို တစ်နှစ်ခွဲ အကြာတွင် တရားရုံးက တစ်ဦး ဒဏ်ငွေ သုံးသောင်းကျပ်စီ အမိန့်ချပြီး ပြန်လွှတ်ပေး လိုက်သည်။

အင်တာနက် ပြန်ဖွင့်ပေးရန် တောင်းဆို၍ တရားစွဲခံထားရသော ကိုနေစိုးခိုင်နှင့် ကိုမင်းဇအောင်တို့ကို တစ်ဦး ဒဏ်ငွေ သုံးသောင်စီဖြင့် စုစုပေါင်း ဒဏ်ငွေခြောက်သောင်းကျပ် ပေးဆောင်ရန် ကျောက်ဖြူမြို့နယ် တရားရုံးက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်ပြီးနောက် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

“ရခိုင်က မြို့နယ်အချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ အင်တာနက် ပိတ်ထားတာ တစ်နှစ်ပြည့်အနေနဲ့ ကမ်ပိန်း လုပ်ပြီးတော့ အွန်လိုင်းပေါ်တင်လို့ ကျွန်တော်တို့ကို ငြိမ်းစုစီပုဒ်မ (၁၉) နဲ့ တရားစွဲတာပေါ့။ အမှုရင်ဆိုင်နေရင်း တစ်နှစ်ခွဲပြည့်ဖို့ ရက်ပိုင်းအလိုမှာ တရားရုံးက တစ်ယောက်ကို ဒဏ်ငွေသုံးသောင်းနဲ့ သတ်မှတ်ပြီး အမိန့်ချမှတ်လိုက်တယ်” ဟု ကာယကံရှင်ဖြစ်သူ ကိုနေစိုးခိုင်က ပြောသည်။

ကိုနေစိုးခိုင်သည် ကျောက်ဖြူမြို့နယ် သန္တာရင်သွီးမျိုးဆက်သစ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်ပြီး ကိုမင်းဇအောင်သည် အဖွဲ့၏ အကြံပေးတစ်ဦး ဖြစ်သည်။

၎င်းတို့နှစ်ဦး အပါအဝင် လူငယ်ကိုးဦးသည် NLD အစိုးရ လက်ထက်တွင် ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ အင်တာနက် ဖြတ်တောက်မှု တစ်နှစ်ပြည့် လှုပ်ရှားမှု အနေဖြင့် အင်တာနက် ပြန်ဖွင့်ပေးရန် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ကျောက်ဖြူမြို့၌ တောင်းဆိုခဲ့၍ ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉) ဖြင့် တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။

တရားစွဲခံရပြီးနောက် အမှုကို ရက်ပေါင်း ၁၂၀ အတွင်း အပြီးသတ် စစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ခဲ့ သော်လည်း တရားလိုပြ သက်သေများ တရားရုံးသို့ လာရောက်ရန် ပျက်ကွက်မှုများကြောင့် တစ်နှစ်ခွဲအကြာမှ အပြီးသတ် အမိန့်ချမှတ်ခြင်းဖြစ်၍ နစ်နာမှုများ ရှိခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။

“ကျွန်တော်တို့က အာမခံနဲ့ အပြင်ကနေ ရုံးချိန်းတက်ရတာပေါ့။ အခုလို အမှုအခြေအနေ ကြန့်ကြာတဲ့အခါ လုပ်စရာလေးတွေ ရှိတာတွေ၊ သွားစရာရှိတာတွေ၊ ခရီးတွေဘာတွေ သွားလာလို့မရ အခက်အခဲ ဖြစ်တာပေါ့” ဟု ကိုနေစိုးခိုင်က ပြောသည်။

ယင်းအပြင် ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အင်တာနက် ပြန်ဖွင့်ပေးရန်နှင့် အစိုးရနှင့် စစ်တပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည့် ရခိုင်တက္ကသိုလ် ကျောင်းသား လေးဦးကိုလည်း စစ်တွေမြို့နယ် တရားရုံးက ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခဲ့သေးသည်။

Photo- CJ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required