ထင်ပေါ်ကြော်ကြားသူများကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် ပြင်ဆင်နေဟု ခန့်မှန်းချက်များထွက်ပေါ်

ထင်ပေါ်ကြော်ကြားသူများကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် ပြင်ဆင်နေဟု ခန့်မှန်းချက်များထွက်ပေါ်

ဒီဇင်ဘာလ ၃၀ ရက်

အကြမ်းဖက် စစ်ကောင်စီက ရုပ်ရှင်သရုပ်ဆောင်များ အပါအဝင် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ တက်ကြွ လှုပ်ရှားသူများ အပေါ် ပြစ်ဒဏ်အမိန့် အမြန်ချမှတ်နေခြင်းသည် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး၊ ယင်းသို့ လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွှတ်ပေးသည်ဆိုပါက နိုင်ငံရေး ဆန္ဒမပါဘဲ နိုင်ငံတကာ ဖိအားများလာခြင်းကြောင့် ဖြစ်နိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က မဇ္ဈိမကို သုံးသပ်ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင်နှင့် အဆိုတော်များဖြစ်ကြသည့် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ စောဖိုးခွား၊ ပိုပို၊ ဝင်းမင်းသန်း၊ ပိုင်တံခွန်အပါအဝင်ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ကိုမင်းသွေးသစ် ၊ ကိုဝေယံဖြိုးမိုး၊ ကိုအောင်ဖြိုးကျော်နှင့် သံလွင်သွေးချင်း မီဒီယာ အယ်ဒီတာချုပ် ဒေါ်မြဝန်းရံ တို့အပေါ် ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းမှာ အလွှာအသီးသီးရှိ လူပုဂ္ဂိုလ် ၅၀ ကျော်တို့ကို အပြီးသတ် အမိန့်ချမှတ် ခြင်းလည်း ဖြစ်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအရ သော်လည်းကောင်း၊ သံတမန်ရေး အရသော်လည်းကောင်း၊ စစ်ရေးအရ သော်လည်းကောင်း  နယ်ပယ်စုံတွင် အရေးမလှဖြစ်လာခြင်းကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ပေး၍ နိုင်ငံတကာ မျက်နှာစာတွင် ရုပ်ပြလုပ်ခြင်း ဖြစ်နိုင်သည်ဟု ဦးထွန်းကြည်က ဆိုသည်။

“သရုပ်ဆောင်ဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် နွေဦးတော်လှန်ရေး ကာလအတွင်း အဖမ်းခံရသူမှန်သမျှ နိုင်ငံရေး အကျဉ်းသားတွေဘဲ၊ အကိုတို့ရဲ့ အတွေ့အကြုံအရဆိုရင် လွတ်လပ်ရေးနေ့တို့ ၊ ပြည်ထောင်စုနေ့တို့ ဒီလိုမျိုးနေ့တွေကတော့ သူတို့ လွတ်ငြိမ်းသက်သာ ပေးလေ့ပေးထရှိတယ်ပေါ့။ အဲ့ဒီရက်အမီများ အမိန့်တွေ ဆက်တိုက် ချနေသလားပေါ့” ဟု ဦးထွန်းကြည်က ဆိုသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသား အချို့ကို ထောင်တွင်း အကျဉ်းတရားရုံးများက အပြီးသတ် ပြစ်ဒဏ်အမိန့်များ ချမှတ်နေခြင်းသည် ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ လွတ်ငြိမ်းချမ်းသာခွင့် အတွက် ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ဥပဒေအကြံပေး တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်က ဆိုသည်။

ယင်းအပြင် လာမည့် ဇန်နဝါရီ ၄ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာပေးရန်ရှိနေသည်ဟု ထောင်တွင်းသတင်းအ ရင်းအမြစ်များထံမှ ကြားသိထားရကြောင်း ၎င်းက ဆိုသည်။

ဦးခင်မောင်မြင့်က “ကျွန်တော်တို့လည်း ထောင်တွင်း တရားရုံးမှာ ဒီလိုဘဲကြားနေတာဘဲလေ။ လာမယ့် လွတ်လပ်ရေးနေ့မှာ စကစ ကပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး ဖြေလျှော့မှုလုပ်မယ်ပေါ့နော်။ အရင်တုန်းက တော့နှစ်မျိုးလုပ်ခဲ့တာပေါ့နော်။ တစ်ခုက တရားရင်ဆိုင်အချုပ်တွေ အတွက်ကျတော့ အမှုကို ရုတ်သိမ်းပေးတဲ့ နည်းလမ်းနဲ့ ဖြေလျှော့မှု လုပ်ပေးတာပေါ့။ ထောင်ကျတွေအတွက် ကျတော့ ရာဇဝတ်ကျင့်ထုံး ၄၀၁(၁) အရ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီးတော့မှ လွတ်ငြိမ်းပေးတဲ့ နည်းလမ်းပေါ့ ဒီနည်လမ်းနှစ်ခု သုံးတာပေါ့။ အခု နောက်ပိုင်းမှာကျတော့ အမှုရုပ်သိမ်းတဲ့ နည်းလမ်းကို မသုံးတော့ဘဲနဲ့ တရားစီရင်မှုကို ပြီးဆုံးအောင်လုပ်ခိုင်းပြီးတော့မှ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ဖြေလျှော့မယ့် ဆိုတဲ့ ဟာမျိုးလုပ်လာတယ်။ ထူးထူးခြားခြား ဒီရက်ပိုင်းမှာမှ အမှုတွေကို တွန်းပြီးတော့ အပြီးသတ်အမိန့်တွေ ချနေတာဟာလည်း လွတ်ငြိမ်းအတွက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်လို့ ယူဆရပါတယ်။ တရားရုံးနီးပါးတိုင်း လိုလို အမှုတွေအားလုံးကို တွန်းပြီး လုပ်နေတဲ့အခါကျတော့ ပြစ်ဒဏ်လွတ်ငြိမ်းအတွက်များ လုပ်နေကြတာများလားပေါ့လေ” ဟုဆိုသည်။

ကရင်နီပြည်နယ် ဖရူဆိုမြို့၌ အပြစ်မဲ့ အရပ်သား ၃၅ ဦးထက်မနည်း စစ်ကေင်စီတပ်ဖွဲ့များက ဓာတ်ဆီလောင်း မီးရှို့သတ်ဖြတ်ခဲ့မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ကောင်စီ တာဝန်ရှိသူများအား အရေးယူဆောင်ရွက်ရန် ပြောကြားထားသည့်အပြင် အမေရိကန် အမျိုးသား ကာကွယ်ရေးအတွက် စစ်သုံးစရိတ် တောင်းခံရာတွင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)အတွက် ထောက်ပံ့ပေးရန်ပါဝင်ရာ ယင်းအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ထိုးအတည်ပြုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required