စစ်ကောင်စီတပ်က နှမ်းခါးရွာသား ၁ ဦးကို မီးရှို့သတ်ပြီး အဖိုးတန် ပစ္စည်းများ လုယက် ဟုဆို

စစ်ကောင်စီတပ်က နှမ်းခါးရွာသား ၁ ဦးကို မီးရှို့သတ်ပြီး အဖိုးတန် ပစ္စည်းများ လုယက် ဟုဆို

ဒီဇင်ဘာလ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ယောဒေသ ကလေး -ဂန့်ဂေါ လမ်းပိုင်းရှိ နှမ်းခါးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီ တပ်ဖွဲ့များသည် အဆိုပါရွာမှ အသက် (၄၅) နှစ်အရွယ် ဦးထွားမောင်အား နွားစာတိုက်တွင် မီးတင်ရှို့ သတ်ဖြတ်ကာ ရွာအတွင်းမှ အဖိုးတန် ပစ္စည်းများ လုယက် ယူဆောင်သွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်တွင် ဂန့်ဂေါမြို့မှ ကလေးဘက်သို့ ထွက်လာသည့် စစ်ကောင်စီ ယာဉ်တန်းမှ စစ်ကား ရှစ်စီးသည် ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် နှမ်းခါးရွာထဲ တပ်စွဲနေထိုင်ကာ ရွာသားဖြစ်သူ လယ်သမား ဦးထွားမောင်အား ယခုလို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

“ဒီနေ့ (ဒီဇင်ဘာလ ၃၀) မနက်ခင်း ၈ နာရီလောက်မှာ စစ်သားတွေရွာက ပြန်ထွက်သွားတော့ ကျွန်တော်တို့ ဒေသခံ တော်လှန်ရေးတပ် ကင်းထောက်အဖွဲ့တွေက နယ်မြေ ရှင်းလင်းတဲ့အခါမှာ ဦးထွားမောင်ကို မီးရှို့ထားတဲ့ ရုပ်အလောင်းကို တွေ့တာပါ၊ ဘေးနားမှာ ရှိနေတဲ့ ဖိနပ်တို့ အခြားသူတွေက ပြန်ပြောပြချက်တွေ အရ သူမှန်း အတည်ပြုနိုင်တာပါ” ဟု ဂန့်ဂေါ ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

ဦးထွားမောင်၏ မီးလောင်ကျွမ်းနေသော ရုပ်အလောင်းအား ကာကွယ်ရေး တပ်ဖွဲ့ဝင်များက သင်္ဂြိုလ် ပေးခဲ့ကြောင်း သိရသည်။ 

ထို့အပြင် နှမ်းခါးရွာမှ ဆွံ့အနားမကြားသူ အသက် (၆၀) ကျော် အဖိုးတစ်ဦးအားလည်း စစ်တပ်မှ ပါးစပ် ပလာစတာကပ်ကာ လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှက် ကန်ကျောက်ခဲ့ရာ ဒဏ်ရာများဖြင့် အိပ်ယာထဲ လဲနေကြောင်း အဆိုပါ ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

တစ်ညအိပ် တပ်စွဲခဲ့သည့် အဆိုပါ စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ နေအိမ်များမှ တန်ဖိုးကြီး ပစ္စည်းများနှင့် စားသောက်ကုန်များကို လုယက် ခိုးယူကြကြောင်း ရွာသားတစ်ဦးက ပြောသည်။ 

“သူတို့က ညဘက် ၈ နာရီအချိန်လောက်မှာ သေနတ်တွေဖောက် ရွာအနီး ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေ လုပ်တယ်၊ ပြီးတော့ ရွာထဲက အိမ်တွေကို တစ်အိမ်တက်ဆင်း လိုက်ရှာ အဖိုးတန်တာတွေ အကုန်သယ်တယ်” ဟု ဒေသခံက ပြောသည်။ 

ယနေ့ ဒီဇင်ဘာလ ၃၀ ရက် မနက်တွင် ထိုယာဉ်တန်း ကလေးမြို့ဘက်သို့ ထွက်ခွါသွားကြောင်း သိရသည်။ 

ကလေး - ဂန့်ဂေါ လမ်းမပေါ်တွင်ရှိသည့် နှမ်းခါးရွာသည် စစ်ကောင်စီတပ်၏ အကြိမ်ကြိမ် ဝင်ရောက် မွှေနှောက်မှု ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်မှုများ ခံနေရသည့် ရွာတစ်ရွာဖြစ်ပြီး ဒေသခံ အများစုမှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။ 

အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ယင်းရွာမှ ဒေသခံ ၄၀၀၀ ခန့်မှာ လက်ရှိ အချိန်အထိ ဘေးလွတ်ရာ ကျေးရွာများတွင် တိမ်းရှောင် နေကြရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required