ဒုဋ္ဌဝတီမြစ်ပေါ်မှ လျှပ်စစ်စီမံကိန်းများ ပြီးစီးပါက ပြည်တွင်းသို့ လျှပ်စစ်ပိုပေးနိုင်မည်

ဒုဋ္ဌဝတီမြစ်ပေါ်မှ လျှပ်စစ်စီမံကိန်းများ ပြီးစီးပါက ပြည်တွင်းသို့ လျှပ်စစ်ပိုပေးနိုင်မည်
အထက်ရဲရွာစီမံကိန်းလုပ်ငန်းခွင်။ Photo - MNA

ဇန်နာဝါရီလ ၇ ရက် ။            ။ ဒုဋ္ဌဝတီမြစ်ပေါ်မှ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း အပါအဝင် မြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်း ၅ ခုလုံးပြီးပါက ဒုဋ္ဌဝတီမြစ်ပေါ်မှ လျှပ်စစ်အား ၁၉၃၆ မဂ္ဂါဝပ်တပ်ဆင်ထုတ်လုပ်ပေးနိုင်မည်ဟု သိရသည်။

ဖွင့်လှစ်ပြီးဖြစ်သည့် ၇၉၀ မဂ္ဂါဝပ်ထွက် ရဲရွာရေအားလျှပ်စစ်စက်ရုံအပါအဝင် ၂၀၁၈ ခုတွင် ပြီးစီးမည်ဟု လျာထား တည်ဆောက်နေသည့် ၂၈၀ မဂ္ဂါဝပ်ထွက် အထက်ရဲရွာစီမံကိန်းတို့လည်း ပါဝင်သည်။

ထို့ပြင် လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည့် ဒီးဒုတ် စီမံကိန်း ၆၆ မဂ္ဂါဝပ်၊ နမ္မတူ (သီပေါ) စီမံကိန်း ၁၀၀ မဂ္ဂါဝပ်၊ အလယ်ရဲရွာစီမံကိန်း ၇၀၀ မဂ္ဂါဝပ် တို့ ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းပါဝင်သည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန တည်ဆောက်ရေး (၃) က ဆောင်ရွက်နေခြင်းဖြစ်သည်။

အထက်ရဲရွာစီမံကိန်းတွင် အချင်း ၃၃ ပေ၊ အလျား ၁၀၁၀ ပေ ရှိ ရေလွှဲဥမင်လိုဏ်ကို ၂၀၁၃ ဒီဇင်ဘာတွင် ဖောက်လုပ်ပြီး စီးခဲ့ပြီး ၂၀၁၅ ခု မတ်လတွင် ရေလွှဲဥမင်လိုဏ်မှတစ်ဆင့် မြစ်ရေလွှဲနိုင်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။

မြန်မာနိုင်ငံအတွက် ၂၀၁၁ မှ ၂၀၁၄ အထိ နှစ်စဉ် လျှပ်စစ်ဓာတ်အား ၁၅ ရာခိုင်နှုန်း လိုအပ်နေသည်ဟု လျှပ်စစ်စွမ်းအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဖြေဆိုသွားသည်။ ၂၀၁၅ ခုတွင် မဂ္ဂါဝပ် ၂၂၀၀ နှင့် ၂၃၀၀ ခန့် သုံးလာမည်ဟုလည်း ခန့်မှန်းပြောဆိုခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး သုံးစွဲနေသူ ပမာဏမှာ လူဦးရေစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းသာရှိပြီး ကျန် ၇၀ ရာခိုင်နှုန်း က လျှပ်စစ်မီး အသုံးမပြုရဘဲ ဖြစ်နေသည်။

ဒုဋ္ဌဝတီမြစ်ပေါ် ပထမဆုံးစီမံကိန်းမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးခဲ့သည့် ရဲရွာစီမံကိန်းဖြစ်သည်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်အတွင်းပါဝင်ပြီး အရှေ့တောင် အာရှတွင် အကြီးဆုံး ရေလှောင်တမံ ရေအားလျှပ်စစ်စီမံကိန်း တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။ ဆွစ်ဇာလန်နိုင်ငံ Colenco Power Engineering Co., Ltd နှင့် စာချုပ်ချုပ်၍ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဒုဋ္ဌဝတီမြစ်ပေါ်မှ ဒုတိယမြောက်စီမံကိန်းဖြစ်သည့် အထက်ရဲရွာစီမံကိန်း၏ ဒီဇိုင်းရေးဆွဲခြင်းနှင့် အတိုင်ပင်ခံလုပ်ငန်းများကိုမူ ဆွစ်ဇာလန်နိုင်ငံ LahmeyerStucky SA ဖြင့်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၀ ခုတွင် စတင်အကောင်အထည် ဖော်ခဲ့သည်။ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များပါဝင်သည့် International Power Generation RazelBec-IPGRB ကုမ္ပဏီ ကလည်း ဥမင်လိုဏ်ဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည်။

အထက်ရဲရွာစီမံကိန်းတွင် မဂ္ဂါဝပ် ၇၀ ရှိ ဓာတ်အားပေးစက် လေးလုံးဖြင့် လည်ပတ်မည်ဖြစ်ပြီး ထွက်လာမည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ပြည်တွင်းသို့ ပို့လွှတ်ဖြန့်ဖြူးသွားမည်ဟု သိရသည်။

ကျောက်မဲမြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာမှ ယင်းရေအားလျှပ်စစ်စီမံကိန်းသို့ လျှပ်စစ်စွမ်းအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ဒုတိယဝန်ကြီး ဦးမော်သာထွေးတို့ ဇန်နာဝါရီ ၃ ရက်နေ့က သွားရောက်စစ်ဆေးခဲ့သေးသည်။

မြန်မာနိုင်ငံ လျှပ်စစ်ဖူလုံရေးအတွက် ရေအား၊ ကျောက်မီးသွေးအား၊ ဂက်စ်လျှပ်စစ်တာဘိုင်များဖြင့် တည်ဆောက်လျက်ရှိသည်။

ထို့ပြင် ကမ္ဘာဘဏ်၊ အာရှဖွံ့ရေးဘဏ် (ADB) ၊ JICA တို့မှလည်း အထောက်အကူများ ရရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly