ယူကေသို့ဝင်ရောက်ခွင့်ပိတ်ပင်ခံရပါက စကော့တလန်မှ ပေါင်သန်း ရ၀၀ တန်ဘိုးရှိ ရင်းနှီးမြုပ်နှံမှုကို ရုပ်သိမ်းမည်ဟု ဒေါ်နယ်ထရမ့်ခြိမ်းခြောက်

ယူကေသို့ဝင်ရောက်ခွင့်ပိတ်ပင်ခံရပါက စကော့တလန်မှ ပေါင်သန်း ရ၀၀ တန်ဘိုးရှိ ရင်းနှီးမြုပ်နှံမှုကို ရုပ်သိမ်းမည်ဟု ဒေါ်နယ်ထရမ့်ခြိမ်းခြောက်

ဝါရှင်တန်၊ ဇန်နဝါရီ ၇ ။              ။ ယူကေနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံရပါက စကော့တလန်ရှိ ပေါင်း သန်း၇၀၀တန်ဘိုးရှိ ရင်းနှီးမြုပ်နှံမှုကို ရုပ်သိမ်းမည်ဟု ရီပတ်ဘလစ်ကင်ဘက်မှ တစ်ပြေးနေသည့် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်သည်။

ထရမ့်အား နိုင်ငံတွင်း ဝင်ရောက်ခွင့် ပေးသင့်မပေးသင့် ယခုလနောက်ပိုင်းတွင် အခြေအတင်ဆွေးနွေးပွဲပြုလုပ်ရန် ဗြိတိသျှ ပါလီမန်အမတ်များက ပြင်ဆင်နေစဉ် ဗြိတိန်သို့ သွားရောက်ရာတွင် ၎င်းအပေါ် ကန့်သတ်မှန်သမျှက စကော့တလန်ရှိ ဂေါက်ကွင်းစီမံကိန်းများမှ ပေါင်းသန်းများစွာတန်ဘိုးရှိသည့် ရင်းနှီးမြုပ်နှံမှုများကို ရုပ်သိမ်းသွားစေနိုင်သည်ဟု ထရမ့်ကဆိုသည်။

အမေရိကန်သို့ မွတ်စလင်များ ဝင်ရောက်ခွင့် ယာယီပိတ်ပင်ရန် ဘီလျံနာသမ္မတလောင်း ထရမ့်က တောင်းဆိုပြီးနောက် ဗြိတိန်ပါလီမန်တွင် အခြေအတင်   ဆွေးနွေးပွဲပြုလုပ်ရန်ကိစ္စ   ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထရမ့်အား ပိတ်ပင်ရန် အစိုးရသို့ မေတ္တာရပ်ခံလွှာတွင် လူ ငါးသိန်းကျော်က လက်မှတ်ရေးထိုးပြီးနောက် ယင်းသို့ဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထရမ့်အား ဗြိတိန်သို့ ဝင်ရာက်မှု စကော့တလန်ရှိ   ဂေါက်အပမ်းဖြေစခန်းနှစ်ခုတွင် စုစုပေါင်း ပေါင်သန်း ၇၀၀ ရင်းနှီးမြုပ်နှံရန် စီစဉ်ထားမှုများကို ရပ်ဆိုင်းမည်ဟု Trump Organization က ဇန်နဝါရီ ၆က ထုတ်ပြန်သော ကြေညာချက် တစ်ခုတွင်   ဖော်ပြထားသည်။

ထို့အပြင် ယူကေသို့ဝင်ရန် ထရမ့်အားပိတ်ပင်ခြင်းက ၎င်းအား လှိုက်လှိုက်လှဲလှဲထောက်ခံသည့် အမေရိကန်နိုင်ငံသားများနှင့် ယူကေကြား သူစိမ်းများဖြစ်သွားစေနိုင်သည်ဟုလည်း ကုမ္ပဏီက ပြောသည်။

အကြမ်းဖက်တိုက်ခိုက်မှုများကို တားဆီးနိုင်ရန် မွတ်စလင်များကို အမေရိကန်နိုင်ငံတွင်းသို့ လုံးဝပိတ်ပင်သင့်ကြောင်း လွန်ခဲ့သည့်လက ထရမ့်၏ ပြောကြားချက်ကြောင့် ကျယ်ပြန့်သည့် ရှုတ်ချမှုများ   ဖြစ်ပေါ်လာခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဘာနာဒီနိုတွင် မွတ်စလင်စုံတွဲတစ်တွဲ၏ တိုက်ခိုက်မှုကြောင့် လူ၁၄ဦးသေဆုံးပြီး လူ၂၀ကျော် ဒဏ်ရာရရှိပြီးနောက် ထရမ့်က ယင်းကဲ့သို့ ပွင့်လင်းစွာ   ပြောကြားခဲ့ခြင်း   ဖြစ်သည်။

ထိုစဉ်က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံသား သုံးပုံတစ်ပုံအထိက ထရမ့်၏ အဆိုပြုချက်များကို ထောက်ခံခဲ့ကြသည်။ ရီပတ်ဘလစ်ကင် အုပ်ချုပ်ရေးမှူးများ အုပ်ချုပ်သည့်   ပြည်နယ်အများစုပါဝင်သော ပြည်နယ် ၃၀က သမ္မတဘားရက်အိုဘားမားက လိုလားနေသည့် ဆီးရီးယားဒုက္ခသည် ၁၅,၀၀၀အား အမေရိကန်သို့ဝင်ရောက် အခြေချမှုကို အစွမ်းကုန် ပိတ်ပင် သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly