ပလက်ဝမြို့ ခလရ (၂၈၉) တပ်စခန်း အလံဖြူထောင်သည့်ကိစ္စ မီဒီယာတွင် ဖြေထားသူ ၂ ဦးကို စစ်တပ်ဖမ်းဆီး

ပလက်ဝမြို့ ခလရ (၂၈၉) တပ်စခန်း အလံဖြူထောင်သည့်ကိစ္စ မီဒီယာတွင် ဖြေထားသူ ၂ ဦးကို စစ်တပ်ဖမ်းဆီး

ဒီဇင်ဘာလ ၂၉ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ခလရ (၂၈၉) တပ်စခန်း အလံဖြူ ထောင်သည့်ကိစ္စ မီဒီယာတွင် ဖြေကြားထားသူ နှစ်ဦးကို စစ်တပ်က ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက် ည ၇ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များက ပြောသည်။ 

ဖမ်းဆီး ခံထားရသူ နှစ်ဦးသည် ပလက်ဝမြို့ ဒေသခံ ကျန်းမာရေးဝန်ထမ်း ကိုတင်ထွန်းအောင်နှင့် ပညာရေး ဝန်ထမ်း ကိုတင်ဦးတို့ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ရခိုင်အခြေစိုက် မီဒီယာတစ်ခုတွင် ခလရ (၂၈၉) တပ်စခန်း၌ အလံဖြူထောင်ထားသည်ကို မြင်တွေ့ရကြောင်း အင်တာဗျူး ဖြေကြားပြီးနောက် ညနေပိုင်းတွင် ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်သည်။ 

“သူတို့ကို လမ်းကပဲ ဖမ်းခေါ်သွားတာ။ မနေ့ည ၈ နာရီ ဝန်းကျင်လောက်က၊ အဲဒီ မြို့မရဲစခန်းမှာ ရှိသေးတယ်။ ၈ နာရီကျော်တော့ ခလရ (၂၈၉) ထဲကို ခေါ်သွားတယ်။ ၉ နာရီကျော် လောက်မှာ ပလက်ဝ မြို့မရဲစခန်းကို ပြန်ရောက်လာကြတယ်” ဟု ကိုတင်ထွန်းအောင်၏ မိသားစုနှင့် ရင်းနှီးသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

လက်ရှိတွင် ကိုတင်ထွန်းအောင်နှင့် ကိုတင်ဦးတို့ နှစ်ဦးကို ပလက်ဝ မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး မွန်းလွဲပိုင်းအထိ မိသားစုဝင်များ တွေ့ဆုံခွင့်မရသေး သကဲ့သို့ မည်သည့် ပုဒ်မဖြင့် ဖမ်းဆီးထားသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ကိုတင်ထွန်းအောင်သည် နေပြည်တော် ကုတင် ၃၀၀ ဆံ့ ဆေးရုံတွင် ဓာတ်မှန် (၃) ရာထူးဖြင့် တာဝန်ထမ်းဆောင် နေသူ ဖြစ်ပြီး မိခင်ကျန်းမာရေးကြောင့် ပလက်ဝမြို့သို့ ရောက်ရှိနေသူ ဖြစ်သည်။ 

ကိုတင်ဦးမှာ မီးလက်ဝ ကျေးရွာတွင် ကျောင်းအထွေထွေ လုပ်သားအဖြစ် လုပ်ကိုင်နေသော ပညာရေးဝန်ထမ်း တစ်ဦး ဖြစ်သည်။ 

ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ပလက်ဝမြို့ရှိ ခလရ (၂၈၉) တပ်ရင်းတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ယနေ့ ၂၉ ရက်နေ့အထိ အလံဖြူ လွှင့်ထူထားဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပလက်ဝမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ အကြား

အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယခုလ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် စစ်ကောင်စီနောက်လိုက် ဒေါက်တာသက်သက်ခိုင်နှင့် စစ်ကောင်စီ အဖွဲ့ဝင်တချို့ ပလက်ဝမြို့ကို သွားရောက်ခဲ့ကြသေးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required