ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ (၂၈၉) အလံဖြူထောင်

By ပါခွီး
29 December 2021
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ (၂၈၉) အလံဖြူထောင်

ဒီဇင်ဘာ ၂၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ခလရ (၂၈၉) တပ်ရင်း အတွင်း အလံဖြူ ထောင်ထားကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (ပလက်ဝ)( CDF-Paletwa) ထံက သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်မှ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်ထိ အလံဖြူ လွှင့်ထူထားသည်ဟု CDF Paletwa ပြောရေးဆိုခွင့်ရှိသူ ပေါလ်က ပြောသည်။

“ သူတို့တွေက ဘယ်လို ရည်ရွယ်ချက်နဲ့ အလံဖြူ ထောင်ထားတာလဲဆိုတာ ကျွန်တော်တို့ သိဖို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ဆီ ဆက်သွယ် ကမ်းလှမ်းတာမျိုးတော့ အခုထိ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့များ အလံဖြူ ထောင်ထားခြင်းသည် မည်သည့်အဖွဲ့အား အလံဖြူ ပြခြင်း ဖြစ်ကြောင်းလည်း မသိရှိသေးဟု ၎င်းက ဆိုသည်။

ပလက်ဝနယ်မြေသည် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့များအပြင် ရခိုင်တပ်တော် (AA) လည်း လှုပ်ရှားနေသည့် နယ်မြေ ဖြစ်သည်။

ပလက်ဝမြို့နယ်ရှိ ခလရ (၂၈၉) သည် ပြည်သူဘက်မှ ရပ်တည်လိုပြီး အလင်းဝင်ရန် အလံဖြူ ထောင်ခြင်း ဖြစ်ပါက ၎င်းတို့ထံ ဆက်သွယ်လာမည်ဟု မျှော်လင့်သော်လည်း ယခုအချိန်အထိ ချိတ်ဆက်မှု တစ်စုံတစ်ရာ မရှိကြောင်း ပေါလ်က ဆိုသည်။

အဆိုပါ တပ်ရင်းတွင် အင်အား ၂၀၀ ဝန်းကျင်ခန့် ရှိပြီး မြို့အတွင်း ပုံမှန် လှုပ်ရှာ သွားလာသည့် အပြင် ကုလားတန်မြစ် စစ်ဆေးရေးဂိတ်နှင့် မြို့ အဝင်အထွက် ကင်းစခန်းများတွင်လည်း စစ်ဆေးမှုများ ရှိသည်။ ထို့ပြင် ပလက်ဝနှင့် ဆမီး လမ်းပိုင်းကို ထိန်းချုပ်ထားပြီး နယ်မြေရှင်းလင်းမှုများ လုပ်ဆောင် နေသည်။

စစ်ကောင်စီနောက်လိုက် ‌ဒေါက်တာ သက်သက်ခိုင်နှင့် အခြား နောက်လိုက်များသည် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပလက်ဝသို့ ရောက်လာခဲ့ခြင်းမှာ ဒေသ အေးချမ်းနေကြောင်း ပြသလိုသော ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းဟု ယူဆမိကြောင်း ပေါလ်က မှတ်ချက်ပြုသည်။

ယခု အလံဖြူ ထောင်ခြင်းသည်လည်း အေးချမ်းနေသည့် အဖြူရောင် နယ်မြေ ဖြစ်ကြောင်း ပြသချင်သည့် သဘောမျိုးလည်း ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly