အိုမီခရွန် အန္တရာယ် 'အလွန် မြင့်မား' နေဟု WHO သတိပေး

အိုမီခရွန် အန္တရာယ် 'အလွန် မြင့်မား' နေဟု WHO သတိပေး
Photo : Fabrice Coffrini / Reuters

ဒီဇင်ဘာ ၂၉

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန် ဟာ "အလွန် မြင့်မားတဲ့" အန္တရာယ် ဆက်ရှိနေဆဲဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေအပေါ် ဝန်ပိမှုကို ဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၂၉ ရက်မှာ သတိပေးခဲ့ပါတယ်။

အလွန် ကူးစက်မြန်တဲ့ အဆိုပါ အိုမီခရွန် မျိုးကွဲကြောင့် ကမ္ဘာ့ နိုင်ငံ အများအပြားမှာလည်း စံချိန်တင် ဗိုင်းရပ်စ် ကူးစက်မှုတွေကို ဖြစ်ပွားထားစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ ၁၁ ရာခိုင်နှုန်း ထိုးတက်ခဲ့ပြီး တရုတ်ကနေ စပြီး ဂျာမနီနဲ့ ပြင်သစ်တို့အထိ အပါအဝင် နိုင်ငံတွေရဲ့ အစိုးရတွေအနေနဲ့ စီးပွားရေးတွေနဲ့ လူ့အဖွဲ့အစည်းတွေအတွက် ဆက်လက် ဖွင့်ထားဖို့ လိုအပ်မှုနဲ့ ဗိုင်းရပ်စ် တားဆီးရေး ပိတ်ပင်ကန့်သတ်ချက်တွေအကြား ခက်ခဲတဲ့ မျှခြေဟန်ချက်တစ်ခုကို မဖြစ်မနေ ရှာခဲ့ကြရပါတယ်။

နယ်သာလန်နဲ့ ဆွစ်ဇာလန်တို့မှာ ယင်း အိုမီခရွန်ဟာ အဓိက လွှမ်းမိုးရာ မျိုးကွဲဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း အဆိုပါ နိုင်ငံတွေက ပြောခဲ့ကြပါတယ်။ အိုမီခရွန်ဟာ မပြင်းထန်တဲ့ COVID-19 ရောဂါကို ဖြစ်စေနိုင်တယ်လို့ လေ့လာချက်တစ်ချို့မှာ ဆိုထားပေမယ့်လည်း WHO ကတော့ ယင်းနဲ့ပတ်သက်လို့ အထူးသတိပေးထားဆဲ ဖြစ်ပါတယ်။

"စိုးရိမ်စရာ မျိုးကွဲသစ် အိုမီခရွန် နဲ့ ပတ်သက်လို့ ယေဘုယျ အန္တရာယ်ကတော့ အင်မတန် မြင့်မားဆဲ ဖြစ်ပါတယ်" လို့ ကုလ ကျန်းမာရေး အေဂျင်စီက ယင်းရဲ့ အပတ်စဉ် COVID-19 ရောဂါဆိုင်ရာ ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။

"တစ်သမတ်တည်းဖြစ်တဲ့ အထောက်အထားတွေအရ ဒီ အိုမီခရွန် မျိုးကွဲဟာ ဒယ်လ်တာ မျိုးကွဲထက် ပိုပြီး ကူးစက်နိုင်တယ်လို့ ဆိုတာကို ပြသနေသလို နှစ်ရက်၊ သုံးရက်အတွင်း ကူးစက်မှု နှစ်ဆတိုးနေတယ်ဆိုတာကိုလည်း ပြသနေပါတယ်" လို့ ကုလ ကျန်းမာရေး အေဂျင်စီက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required