ရှမ်းပြည်နယ်ဆိုင်ရာ ပစ်ခတ်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ ခိုလမ်တွင် ဖွဲ့မည်

ရှမ်းပြည်နယ်ဆိုင်ရာ ပစ်ခတ်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ ခိုလမ်တွင် ဖွဲ့မည်
Photo - MPC

ဇန္နဝါရီ ၇ ။            ။ ရှမ်းပြည်နယ်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ Joint Monitoring Committee ShanState (JMCS) အား ခိုလမ်မြို့၌ ဇန္နဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့တွင် ဖွဲ့စည်း မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။ ကရင်ပြည်နယ်၌လည်း တဆက်တည်းဖွဲ့စည်းသွားမည်ဟုလည်း ဆိုသည်။

''၂၀၁၆ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်နဲ့ ၁၀ နေ့မှာ ရှမ်းပြည်နယ်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့် ကြည့်ရေးကော်မတီကို ခိုလမ်မှာသွားပြီး ဖွဲ့စည်းမှာဖြစ်ပါတယ်။ ပြီးရင် ကရင်ပြည်နယ်မှာလည်း တဆက်တည်း ဖွဲ့စည်းဆောင်ရွက်သွားပါမယ်။'' ဟု ဒီဇင်ဘာ ၇ ရက် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC) တတိယအကြိမ် အစည်းအဝေး၌ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပြီးလျှင် Nationwide Ceasefire Agreement (NCA) စာချုပ်ပါ လေးစားလိုက်နာရမည့် အချက်များ၊ နှစ်ဖက်တပ်ပိုင်းဆိုင်ရာကိစ္စများ၊ စစ်ဖက်ဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန်ချက်များကို လေးစားလိုက်နာရမည် ဟု ၎င်းကဆိုသည်။

နှစ်ဖက်တပ်များအား စောင့်ကြည့်လေ့လာပြီး ပေါ်ပေါက်လာသည့် အငြင်းပွားမှုများဖြေရှင်းရာတွင် ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှုရှိမှ ငြိမ်းချမ်းရေးကိုအထောက်အကူဖြစ်မည်ဟု JMC ဥက္ကဋ္ဌ ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန တွင်ကျင်းပသော အစည်းအဝေးတွင် ပြောသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC) ဒုတိယ ဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ''တိုက်ပွဲတွေမဖြစ်အောင် ဆွေးနွေးနေရတာ တာဝန်ကြီးတယ်။ လက်နက်နဲ့မဖြေရှင်းဘဲ ငြိမ်းချမ်းရေးရအောင် အကောင်အထည် ဖော်မယ်။ ဖြစ်လာရင်လဲ နောက် မဖြစ်အောင် အဖြေရှာဖြေရှင်းပါမယ်။'' ဟု ပြောကြားသည်။

Joint Monitoring Committee (JMC) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် စတင် ဖွဲ့စည်းပြီး ယနေ့ ကျင်းပသည့်ဆွေးနွေးပွဲမှာ တတိယအကြိမ်ဖြစ်ကာ တပ်ပိုင်းဆိုင်ရာကိစ္စ၊ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်း၊ နှစ်ဖက်တပ်လိုက်နာဆောင်ရွက်ရန်အခြေအနေ၊ အကြံပြုတင်ပြချက်များကို ဆွေးနွေးကြမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ (NCA) စာချုပ်လက်မှတ်ထိုးချိန်နှင့် ထိုးပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags